စစ်ကောင်စီ လိုက်မမှီနိုင်သော အနောက်တံခါးမှ သင်ရိုးသစ်များ

“ခင်ဗျားတို့ရဲ့ စစ်ပညာနဲ့ ကြိုးစားမှုကို လေးစားပေမယ့် အရှုံးသမားကောင်း ပီသအောင်ကြိုးစားဖို့နဲ့ တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှမရှိတဲ့ အပြစ်မဲ့ပြည်သူလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုးမိုက်တွင်းနက် နေဦးမယ်ဆိုရင် မင်းတိုရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတိုရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့တယ်။

ကေဂျီ – Wiper

မြန်မာနိုင်ငံဟာ ၁၉၉၂ ခုနှစ်မှာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ ဘောင်တစ်ခုဖြစ်တဲ့ ဂျီနီဗာသဘောတူစာချုပ် (၄) ခုမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ First Geneva Convention၊ Second Geneva Convention၊ Third Geneva Convention၊ Fourth Geneva Convention တို့ဆိုတာ လူသားဆန်မှုမှု စစ်ပွဲအတွင်းလိုက်နာရမဲ့ ကျင့်ဝတ်တွေဖြစ်တယ်။ ဒါဟာ တစ်ကမ္ဘာလုံးအတွက် လိုအပ်တာဖြစ်လို့ မြန်မာနိုင်ငံပါဝင် လက်မှတ်ထိုးပြီး လိုက်နာမယ် ကျင့်သုံးမယ်ဆိုတော့ လူသားချင်းစာမှုတွေ ထွန်းကားမယ်လို့ တစ်ကမ္ဘာလုံးကလည်း ယူဆလောက်ပါတယ်။

ဂျီနီဗာသဘောတူစာချုပ် (၄) ခုဆိုတာက ၁၈၆၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ First Geneva Convention အတွင်းမှာ အပိုဒ်ရေ ၆၄ ခုပါဝင်ပြီး စစ်မြေပြင် ထိခိုက်ဒဏ်ရာရ စစ်သည်များကို ကာကွယ်စောင့်ရှောက်ရမယ့် အချက်တွေ အဓိက ပါဝင်တာဖြစ်တယ်။ Second Geneva Convention ကို ၁၉၇၀ ခုနှစ်မှာ ရေးဆွဲခဲ့ပြီး အပိုဒ်ရေ ၆၃ ခုပါရှိကာ ရေတပ်တိုက်ပွဲများအတွင်း ဒုက္ခရောက်နေတဲ့ စစ်သည်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် အဓိကထား ရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။ ပထမ ကမ္ဘာစစ်အပြီး ၁၉၂၉ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ Third Geneva Convention မှာတော့ စစ်သုံံ့ပန်းများ အပေါ်လိုက်နာပြုကျင့်ရမည့် စည်းမျဉ်းစည်းကမ်းများကို အဓိကထား ရေးဆွဲခဲ့ပြီး အပိုဒ်ရေ ၁၄၃ ခု ရှိပါတယ်။ Fourth Geneva Convention ကိုတော့ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၉ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး စစ်ပွဲများအတွင်း အရပ်သားထိခိုက်နစ်နာမှုများကို အကာအကွယ်ပေးနိုင်ရန်အတွက် အဓိကထားရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်အတွင်းမှာ လူအင်အား၊ လက်နက်အင်အား အကြီးမားဆုံးဖြစ်ပြီး နိုင်ငံ့တပ်မတော်လို့ အမည်ခံထားတဲ့ မင်းအောင်လှိုင်ဦးဆောင်နေတဲ့ စစ်ကောင်စီတပ်ကလွဲရင် အခြားသော တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တိုင်းဟာ ဂျီနီဗာကွန်ဗန်းရှင်းဆိုင်ရာ ဥပဒေသတွေကို အထူးဂရုစိုက်ပြီး လိုက်နာကျင့်သုံး နေကြကို သက်သေ သာဓကပေါင်းများစွာနဲ့ မြင်တွေ့နေရပါတယ်။ မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ကြိမ်းဝါးခဲ့ပြီး နိုင်ငံကို အကြမ်းဖက် အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကတော့ အရပ်သား အပြစ်မဲ့ ပြည်သူလူထူနေထိုင်ရာ နေရာတွေကို စစ်ရေးပစ်မှတ်အဖြစ် ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းဗုံးကြဲမှုတွေ၊ ရေကြောင်းပစ်ခတ်မှုတွေနဲ့ အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ခဏခဏဖြစ်စေအောင် တိုက်ခိုက်နေခဲ့တာပဲ ဖြစ်ပါတယ်။


နိုင်ငံတဝန်း အနှံ့အပြားမှာ စစ်ရေးကျရှုံးမှုတွေကြောင့် နယ်မြေစိုးမိုးမှုများစွာဆုံးရှုံးလာတဲ့ စစ်ရှုံးကောင်စီဟာ ၂၀၂၄ ခုနှစ် ပထမ ၄လပိုင်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၁၉ ကြိမ်အထိ နိုင်ငံအနှံ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေအတွင်းမှာ စာသင်ကျောင်း ၃၈ ကျောင်း၊ ဆေးရုံဆေးခန်းစသဖြင့် ကျန်းမာရေးအဆောက်အဦ ၁၁ ခုနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၅၀နီးပါး ပျက်စီးခဲ့ရပါတယ်။ အပြစ်မဲ့ အရပ်သားပြည်သူ ၃၅၉ ဦး သေဆုံးခဲ့ရပြီး ၈၀၀နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါဟာလတ်တလော ၄ လတာ ကာလပိုင်းအတွင်း ဂျီနီဗာကွန်ဗန်းရှင်းရဲ့ ၁၉၄၉ ဥပဒေအပေါ် စစ်ကောင်စီရဲ့ သိသာထင်ရှားတဲ့ ချိုးဖောက်ကျူးလွန်မှုတွေသာ ဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် ဇွန်လ အစပိုင်း ၅ ကြိမ်မြောက် ဟိုင်ဂင်အ စည်းအဝေးအပြီး AA နဲ့ စစ်ကောင်စီရဲ့ သီးသန့်တွေ့ဆုံမှုမှာလည်း အရပ်သားပြည်သူများကို ဦးတည်ပစ်မှတ်ထား မတိုက်ခိုက်ရန်အတွက် စစ်ကောင်စီကို အာရက္ခတပ်တော် – AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။ ဒီပြောဆိုမှုအပေါ် တရုတ်သံတမန်တွေရဲ့ရှေ့မှာ စစ်ကောင်စီဘက်က တုန့်ပြန်ရာမှာတော့ ဆေးကုသနေတဲ့ AA စစ်သားတွေရှိနေတဲ့အတွက် ဆေးရုံကို တိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအချက်ကြောင့် စစ်ကောင်စီဟာ ဂျီနီဗာကွန်ဗန်းရှင်းရဲ့ ၁၈၆၄ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ အကြောင်းကို ဝန်ခံပြောဆိုထားပြီးဖြစ်တယ် ဆိုတာကို တွေ့ရှိရပါတယ်။

ဒီလို စစ်ရှုံးကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ဖောက်ဖျက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီအနေနဲ့ စစ်ကို စစ်နဲ့တူအောင် တိုက်ခိုက်ဖို့ အာရက္ခတပ်တော်- AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇွန်လ ၃ရက်နေ့ ဗွီအိုအေနဲ့ အင်တာဗျူးတစ်ခုမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တုန်းကလည်း “ခင်ဗျားတို့ရဲ့ စစ်ပညာနဲ့ ကြိုးစားမှုကို လေးစားပေမယ့် အရှုံးသမားကောင်း ပီသအောင်ကြိုးစားဖို့နဲ့ တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှမရှိတဲ့ အပြစ်မဲ့ပြည်သူလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုး မိုက်တွင်းနက် နေဦးမယ်ဆိုရင် မင်းတိုရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတိုရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်”လို့ စစ်ကောင်စီအပေါ် သတိပေးခဲ့ဖူးပါသေးတယ်။

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ရာဇဝတ်ကျုးလွန်မှုတွေကို သက်သေနဲ့တကွ ကမ္ဘာကသိအောင် ပြသနေသလို ဒီလိုကျူးလွန်မှုတွေ ထပ်မလုပ်ရဲအောင်လည်း စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူလုပ်ဆောင်နေတာကို တွေ့ရပါတယ်။ နွားသိုးကြိုးပြတ်ဖြစ်နေတဲ့ စစ်ကောင်စီကို သတိပြန်ပေးရဲလောက်တဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း ရခိုင်ပြည်အတွင်းက စစ်ဆင်ရေးအောင်မြင်မှု နယ်မြေစိုးမိုးမှုတွေနဲ့ တကွ လုပ်ဆောင်သိမ်းပိုက် ပြနေပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးပိုင်း၊ သံတမန် ဆက်ဆံရေးပိုင်းတွေအထိ အကောင်းဆုံးမှုဝါဒ ရှိနေတဲ့ အနေအထားကိုလည်း ဖော်ဆောင်ပြသနေပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုများနဲ့ ပတ်သက်ပြီး တရုတ်မှ တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးမှုရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာ မည်သည့်ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အကာအကွယ်ပေးမည့်မူဝါဒ အခိုင်အမာရှိကြောင်း ဇွန်လ ၈ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာရက္ခတပ်တော် -AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောကြားထားပါတယ်။ တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည် ငါးသိန်းနီးပါးအတွက် အရေးတကြီးလိုအပ်နေတဲ့ အမိုးအကာတွေ၊ အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေအတွက် NGO၊ INGOအပြင် အရပ်ဘက်အဖွဲ့အစည်းတွေဟာ AA ကနေတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ မေတ္တာရပ်ခံခဲ့ပြီး ဒေသတွင်း ပြည်သူလူထုရဲ့ အခက်အခဲတွေ့ကြုံမှုတွေအပေါ် နည်းလမ်းကျကျတာဝန်ယူပြနေသလို ကမ္ဘာကသိအောင် မြင်အောင်လည်း ချပြနိုင်နေပါတယ်။

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကို ကမ္ဘာကသိအောင် ချပြနေရင်း၊ စစ်ရှုံးကောင်စီကို လက်လွှတ်စပယ်မလုပ်မိစေဖို့ အသိသတိတွေပေးနေရင်း ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးပိုင်းအောင်မြင်မှုတွေ၊ စစ်ကောင်စီကင်းစင်တဲ့နယ်မြေတွေ တဖြည်းဖြည်းများလာနေတဲ့ ‌AA ရဲ့ လုပ်ဆောင်ချက်နဲ့ စွမ်းဆောင်ရည်တွေကတော့ အံအားသင့်ဖွယ်ဖြစ်အောင် ထူးချွန်ပြောင်မြောက်ပြီး တိကျသေသပ်လွန်းလှပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းမှာလည်း ဂျီနီဗာသဘောတူစာချုပ်တွေကို ချိုးဖောက်ထားသလို့ ကရင်နီမှာ၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်မှာ၊ မကွေးတိုင်းမှာ၊ စစ်ကိုင်းတိုင်းမှာလည်း ဂျီနီဗာသဘောတူစာချုပ်ကို ချိုးဖောက်မှု များစွာပြုလုပ်ထားပါတယ်။ အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်းများစွာကိုလည်း ပြုလုပ်ခဲ့သလို ဆက်လက်ကျူးလွန်နေတာဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်က အကြမ်းဖက်ရက်စက်ယုတ်မာမှုတွေကို ကမ္ဘာကြီးက လျစ်လျူရှုထားမယ်တော့ မထင်ခဲ့ပါဘူး။


အကြမ်းဖက်စစ်ကောင်စီအပေါ် နိုင်ငံတကာကတော့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ပိတ်ပင်မှုတွေကိုသာ ဆက်တိုက်လုပ်ဆောင်နေတာတော့ တွေ့ရပါတယ်။ နောက်ပြီးတော့ တံခါးပိတ်လိုက်၊ တံခါးဖွင့်လိုက် အစည်းအဝေးတွေကနေ မြန်မာပြည်သူလူထုအပေါ် အင်မတန်မှ စိုးရိမ်ပူပန်ပါတယ်ဆိုတဲ့ အဆင့်ကနေ လက်တွေ့အရေးယူမှုအဆင့်ကို တက်မလာနိုင်သေးတဲ့ ICC ကိုလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဂျီနီဗာကွန်ဗန်းရှင်း ဖောက်ဖျက်ကျူးလွန်မှုတွေကို အသိပေးရုံ အကြောင်းကြားနေရင်း လက်တွေ့မြေပြင်မှာ အောင်မြင်မှုတွေကို မဟာဗျူဟာမြောက်ပုံဖော်နိုင်နေတဲ့ အာရက္ခတပ်တော် -AA ရဲ့ လက်ရှိကာလ လုပ်ဆောင်ချက်တွေဟာ တော်လှန်ရေးအတွက် လိုက်နာ၊ သင်ယူ၊ ကျင့်သုံးသင့်တဲ့ အောင်မြင်ခြင်း သင်ရိုးသစ် ဖြစ်လာခဲ့ပြီလို့ ညွှန်းဆိုခဲ့ရင်တော့ လွန်ကျူးရာကျလိမ့်မယ်များ ထင်နိုင်ပါသေးလား ခင်ဗျာ။ ။

#RNA #RedNewsAgency

By Editor