လူမျိုးရေး ဘာသာရေး ပဋိပက္ခမီးမွှေးပြီး စစ်ရေး နိုင်ငံရေး အသာစီးယူချင်နေသော အကြမ်းဖက် စစ်ကောင်စီ

“အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ရုံတင်သာမက တိုင်းစစ်ဌာနချုပ် အမ်းမြို့ကိုတောင် ခြိမ်းခြောက်ထားနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီး စစ်တပ်ရဲ့ပထမဦးဆုံး တိုင်းစစ်ဌာနချုပ်တစ်ခု စတင်ဆုံးရှုံးရတော့မလားဆိုပြီး စစ်ရေးစောင့်ကြည့်သူတွေကြား နာမည်ကြီးခဲ့ရတဲ့အထိပင် စွမ်းဆောင်ထားနိုင်ခဲ့”

“ရခိုင်ပြည်နယ်အရေးနဲ့ပတ်သတ်ပြီး စစ်ကောင်စီအနေဖြင့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလာနိုင်တာကြောင့် မိမိတို့အနေဖြင့်အထူးဂရုပြူနေရတယ်” ဆိုတဲ့ အာရက္ခတပ်တော် -AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ပြောကြားထားတဲ့ video file လေးတစ်ခုကို မနေ့က တွေ့မိလိုက်ပါတယ်။ အားလုံးသိတဲ့အတိုင်း ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ခြောက်လအတွင်းမှာကို မြို့နယ် ၁၀ ခုလောက်ကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။
 
အာရက္ခတပ်တော် အနေဖြင့် စစ်ဦးဘီလူးဆိုတဲ့ခေါင်းစဥ်အတိုင်း စကစရဲ့ အခြေချဗျူဟာတွေ၊ အခိုင်အမာစစ်စခန်းတွေနဲ့ ပြည်နယ်ချင်းဆက် မြို့တွေကိုပါ အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ရုံတင်သာမက တိုင်းစစ်ဌာနချုပ် အမ်းမြို့ကိုတောင် ခြိမ်းခြောက်ထားနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီး စစ်တပ်ရဲ့ပထမဦးဆုံး တိုင်းစစ်ဌာနချုပ်တစ်ခု စတင်ဆုံးရှုံးရတော့မလားဆိုပြီး စစ်ရေးစောင့်ကြည့်သူတွေကြား နာမည်ကြီးခဲ့ရတဲ့အထိပင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
 
အခု တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းလောက်ကစပြီး ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ လူ့အခွင့်အရေး အကာအကွယ်ပေးသူ အဖွဲ့အစည်းတွေကြား အထူးအလေးထားစောင့်ကြည့်ခဲ့ရတဲ့ ပြည်နယ်ဖြစ်ပြီး စစ်တပ်ရဲ့ခြေလျင်စစ်ကြောင်းတွေဟာ ရိုဟင်ဂျာလူမျိုးတွေကို ရက်ရက်စက်စက်ဖြင့် ချေးမှုန်းခဲ့ကြတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ထိုစဥ်က စစ်တပ်အနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ခေါင်းစဥ်ဖြင့် ရိုဟင်ဂျာလူမျိုးတွေကို စစ်ဆင်ရေးကြီးတစ်ခုသဖွယ်ရှင်းလင်းခဲ့ကြပြီး အဆိုပါလုပ်ရပ်ကြောင့်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

ဒီလို လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ပြည်နယ်အတွင်း စစ်အာဏာရှင်တွေအနေဖြင့် နေ့စဥ်တပ်စခန်းတွေ၊ မြို့တွေ ဆက်တိုက်ဆိုသလို ဆုံးရှုံးနေရတာကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာလူမျိုးစုတွေကြား လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင် ပြုလုပ်လာနိုင်ပြီး သူ့ပေါ်ထိုးစစ်ဆင်နေတဲ့ရခိုင့်တပ်တော်ရဲ့ ထိုးစစ်ကိုအရှိန်ပျော့အောင် ဆောင်ရွက်လာနိုင်သလို စစ်ပွဲတွေအတွင်း ရိုဟင်ဂျာတွေကို ရခိုင့်တပ်တော်မှ လူအခွင့်အရေးချိုးဖောက်မှုများ ဆောင်ရွက်နေပါတယ်ဆိုပြီး ရည်ရွယ်ချက်ရှိရှိ ကမ္ဘာကိုပြသမှုတွေကိုလည်း ဆောင်ရွက်နိုင်လာကြောင်း စစ်ရေးလေ့လာသူတွေအများစုက ဧပြီလလောက်ကတည်းက ခန့်မှန်းထားခဲ့ကြပါတယ်။
 
စစ်ရေးလေ့လာသူတွေရဲ့ သတိပေးထားချက်တွေအတိုင်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေအတွင်း ရိုဟင်ဂျာလူငယ်တွေကို အတင်းအဓမ္မစုဆောင်းလာပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့တိုက်ပွဲမှ လူမျိုးရေး၊ ဘာသာရေးတိုက်ပွဲအသွင် ပြောင်းလဲဖို့ကြိုးစားလာနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် မတ်လကုန်နောက်ပိုင်းလောက်ကစပြီး ရိုဟင်ဂျာလူမျိုးတွေနဲ့ပတ်သတ်ပြီး ခြေလှမ်းသွက်သွက်နဲ့ ဆောင်ရွက်လာပြီး စစ်သင်တန်းပေးတာတွေ၊ လက်နက်တပ်ဆင်ပေးတာတွေပြုလုပ်လာပြီး စစ်ပွဲအတွင်းခေါ်ဆောင်လာခဲ့ပါတယ်။
 
ဒီလို ထိလွယ်ရှလွယ်တဲ့အခြေအနေနဲ့ ဖြစ်နေသော ရခိုင်အရေးနဲ့ပတ်သတ်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “နိုင်ငံတကာမှ အထင်လွဲအောင်နဲ့ အာရက္ခတပ်တော် သိက္ခာမကျအောင်သတင်းအမှားတွေ မတင်ကြဖို့ မီဒီယာတွေနဲ့ ပြည်သူတွေကိုတောင်းဆိုလိုက်သလို ရခိုင့်တပ်တော်အနေဖြင့် ဘာသာရေး၊ လူမျိုးရေးနောက်ခံမခွဲခြားဘဲ ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေအားလုံးကို လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေပေးနေကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။
 
ထုတ်ပြန်ပြောကြားထားတဲ့အတိုင်း မြေပြင်မှာအမှန်တကယ်လည်း လူမျိုးရေး ဘာသာရေးခွဲခြားမှုမရှိဘဲ ရိုဟင်ဂျာလူမျိုးတွေကိုပါ ကာကွယ်စောင့်ရှောက်ပေးနေတာတွေ တွေ့ရပါတယ်။ အနီးစပ်ဆုံးအနေဖြင့် စစ်ကောင်စီတပ် ဘူးသီးတောင်အခြေစိုက် ခမရ ၃၅၃ တပ်ရင်းမှ အစာရေစာမကျွေးဘဲ ဖမ်းဆီး ပိတ်လှောင်ထားသော ခရုချောင်း ရိုဟင်ဂျာကျေးရွာမှ ကလေးငယ်များအပါအဝင် ရိုဟင်ဂျာ အမျိုးသားအမျိုးသမီး စုစုပေါင်း ၃၅ ဦးကို အာရက္ခတပ်တော် AA က မေလ ၁၄ ရက်နေ့တွင် ကယ်ထုတ်ပေးခဲ့ကြောင်း ရုပ်သံနှင့်တကွ ထုတ်ပြန်ခဲ့သလို စစ်ကောင်စီ၏ ဂျက်ဖိုက်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ် ကကျဘက်၊ ကကျဘတ်ကံပြင်၊ မြောင်းနား၊ အလယ်ချောင်း၊ ဘဂုံးနားနှင့် လက်သာကျေးရွာတို့က အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသော ရိုဟင်ဂျာ ၇၀၀၀ ခန့်ကိုလည်း ကယ်ထုတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
 
အာရက္ခတပ်တော်က ဒါတင်မက မေလ ၁၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင်ရွာ၊ တပ်မင်းချောင်းရွာနှင့် င/ကျဉ်တောက် ရိုဟင်ဂျာကျေးရွာများကို စစ်ကောင်စီ Jet Fighter၊ Y-12 တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အဆိုပါကျေးရွာများမှ ထွက်ပြေးလာသော ကလေးငယ်များအပါအဝင် ရိုဟင်ဂျာအမျိုးသားအမျိုးသမီး စုစုပေါင်း ၁၆၆ ဦးကို အာရက္ခတပ်တော် AA က ကယ်ထုတ်ခဲ့ပြီး ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးခဲ့ပါသေးတယ်။လက်ရှိ ရခိုင့်အတွင်းကတိုက်ပွဲအခြေအနေတွေဟာ စစ်တပ်အနေဖြင့် လူမျိုးရေးမှိုင်းတိုက်တာ၊ ဘာသာရေးမှိုင်းတိုက်တာတွေသာပြုလုပ်ပြီး ရခိုင်ပြည်နယ်အခြေအနေတွေကို ရှုပ်ထွေးအောင်ပြုလုပ်နေတာကြောင့် မြေပြင်တော်လှန်ရေးအဖွဲ့တွေအနေဖြင့်ကော ပြည်သူလူထုအနေဖြင့်ပါ သတိကြီးကြီးဖြင့် စောင့်ကြည့်လေ့သင့်ပါတယ်။
 
မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကတော့ လူမှုရေး၊ စီးပွားရေ၊ နိုင်ငံရေး၊ တိုက်ပွဲ စတဲ့ ဘက်ပေါင်းစုံက ရှုံးနိမ့်နေတဲ့အတွက် လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ပဋိပက္ခတွေဖြစ်ပေါ်ရေးကို ဦးတည်လုပ်ဆောင်နေတာတွေက ရခိုင်ပြည်နယ်တခုတည်း မဟုတ်ပါဘူး။ ကရင်ပြည်နယ်မှာဆိုရင်လည်း KNU နဲ့ PDF၊ ကရင်တိုင်းရင်းသား အချင်းချင်းအကြား၊ ကရင်နီမှာဆိုရင်လည်း ဘာသာရေးနဲ့လူမျိုးရေးအခြေံ သွေးထိုးလှုံ့ဆော်မှုတွေ၊ ကချင်ပြည်နယ်မှာလည်း တိုင်းရင်းသားလူမျိုးအချင်းချင်းအကြား သွေးထိုးလှုံ့ဆော်နေတာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အညာစစ်ကိုင်းနဲ့ KIA တို့အကြားထိအောင် လူမျိုးရေး၊ ဘာသာရေး အခြေခံပြီး မဟုတ်မှန်ပြောဆိုနေတာတွေက ဆက်တိုက်လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီပြောသမျှ မြေပြင်မှာ လုပ်ဆောင်နေသမျှ သတိထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။
ချမ်းမင်း – Wiper
#RedNewsAgency

By Editor