အလကားမရတဲ့တရားမျှတမှု

“တရားသူကြီးများသည် တရားမျှတမှုထက် လက်နက်ရှိသူကိုသာ ဘက်လိုက်နေကြ၏။ စစ်အာဏာရှင်၏လက်ကိုင်တုတ်အဖြစ် အသုံးတော်ခံနေ၏။ ထို့ကြောင့် တရားသူကြီး၊ ရှေ့နေနှင့်ရဲတို့သည် မြန်မာနိုင်ငံတွင် အားကိုး၍ရသောသူများ မဟုတ်ဟု ပြည်သူများ ပို၍ မြင်ကြ၏”
*****
ဖိုးဉာဏ်

“ကျွန်တော်တို့ဟာ လူတစ်ယောက်ကို အပြစ်ရှိတယ်လို့ မတွေ့ရှိရမချင်း အပြစ်ကင်းသူလို့ပဲ ယူဆထားရမယ် ဆိုတဲ့မူနဲ့စီရင်တဲ့ ကျွန်တော်တို့ရဲ့တရားစီရင်ရေးနဲ့ပတ်သတ်ပြီး များစွာဂုဏ်ယူခဲ့ကြပါတယ်။ လူတစ်ယောက်ဟာ မသင်္ကာဖွယ်ရာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့် သူ့မှာ အပြစ်ရှိပါတယ်လို့ ခိုင်ခိုင်မာမာ ပြဖို့ကတော့ အစိုးရရဲ့တာဝန်ပဲဖြစ်ပါတယ်။ သို့ပေမယ့် တရားမင်းများခင်ဗျာ။ အစိုးရဘက်က အလုပ်တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ဖို့ ပျက်ကွက်တယ်ဆိုရင်ရော ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အရာရှိများက မသင်္ကာသူကို ဖမ်းဆီးချုပ်နှောင်ပြီးတဲ့နောက်မှာ သူတို့မှန်ကန်တယ်၊ သူတို့ဟာ အပြစ်ရှိသူကို မိထားပါပြီဆိုတာကို ပြဖို့အတွက် တည်ဆဲဥပဒေများရဲ့ နည်းပရိယာယ်မျိုးစုံ ၊ ဟောနည်းပြောနည်းမျိုးစုံ၊ အားနဲ့အင်နဲ့ဖိပြီး ညှင်းပန်းနှိပ်စက်တဲ့ နည်းမျိုးစုံတို့ကို သုံးကြတယ်ဆိုရင်ကော။”

အထက်ပါစကားများသည် စာရေးဆရာထင်လင်း ဘာသာပြန်သော တစ်ကျွန်းစံ၏အပြန်လမ်းစာအုပ်မှ ရှေ့နေ ဂရေဟမ်က တရားရုံးတွင် ပြောဆိုသော စကားတချို့ဖြစ်ပါသည်။ မူရင်းစာရေးသူမှာ အင်္ဂလိပ်လူမျိုး ကမ္ဘာကျော် စာရေးဆရာ အေဂျေကရိုနင် (A.J.CRONIN) ဖြစ်ပြီး သူရေးသားခဲ့သော Beyond this place စာအုပ်ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ၁၉၂၀ ဝန်းကျင်ကာလများကို နောက်ခံပြု၍ လူသတ်မှုတခုအကြောင်းကြောင့် ဖြစ်ပေါ်လာသော မတော်မတရားမှုများကို ဖော်ထုတ်၊ ပျက်စီး သွားသော မိသားစုဘဝ၊ ဖခင်၏ဂုဏ်သိက္ခာ စသည်တို့ကို ပြန်လည်အဖတ်ဆယ်ရန် လူငယ်တယောက်၏ ကြိုးစားမှုအဖြစ်အပျက်များ ရလဒ်များကို ရေးသားထားသည်။ ဝေါ့တလေမြို့တွင် မိုနာစပါးလိန်းဟူသော အမျိုးသမီးတယောက်ကို သတ်ဖြတ်ခဲ့သည်ဆိုသည့် ရီးစ်မက်ထရီ၏ အမှုသည် စတင်စစ်ဆေးခဲ့စဉ်က ဒေသဆိုင်ရာထင်ရှားမှုရှိခဲ့သည်။ ကျူးလွန်သူဟု အစိုးရရှေ့နေ၏ တရားစွဲဆိုခြင်း ခံရသော ရီးစ်မက်ထရီသည် ပြစ်မှုထင်ရှားသဖြင့် ကြိုးပေးပြစ်ဒဏ်ခံရလေသည်။ ထိုပြစ်ဒဏ်ကို မကျ,ကျစေရန်အတွက် အစိုးရရှေ့နေနှင့် ပုလိပ်မင်းကြီးတို့သည် မတော်မတရားသော ဥပဒေနည်းလမ်းများကို အသုံးပြုခဲ့ကြသည်။


အမှုအားနည်းချက်များကို ရိပ်မိပြီး အမှုအပေါ်ထောက်ပြပြောဆိုသူများ၏ ဘဝအခြေအနေများ ပြောင်းလဲစေခဲ့သည်။ ထိုအမှုနှင့်ပတ်သတ်၍ မည်သည့် နောက်ဆက်တွဲ အကြောင်းအရာမှ မပေါ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့ကြသည်။ ထိုလုပ်ဆောင်ချက်များကြောင့် ရီးစ်မက်ထရီ၏ နာမည်သည် အဖတ်ဆယ်မရအောင် ပျက်စီးခဲ့ရသည်။ မည်သည့်ခုခံမှုမှ မရခဲ့ရှာပေ။ အဆိုပါအမှုသည် ထိုစဉ်က အလွန်ကျော်ကြားခဲ့ပြီး လူအများအာရုံစိုက်သည် ဖြစ်သောကြောင့် အမှုကိုတာဝန်ယူဆောင်ရွက်သော အစိုးရရှေ့နေ ဆာမက်သရူးစပရောက်သည် အလွန်ကျော်ကြားလာ၏။ လူသတ်မှုကို ရက်ရက်စက်စက် ကျူးလွန်ခဲ့သော တရားခံကို ကြိုးစင်တင်နိုင်သူအဖြစ် ချီးကျူးခံရ၏။ ရီးစ်မက်ထရီကမူ ကြိုးစင်တင်သေဒဏ်ချခံရပြီးနောက် တသက်တကျွန်းအဖြစ် သို့ပြောင်းကာ လောကငရဲဟူခေါ်ကြသော စတုန်းဟိဂ် အကျဉ်းထောင်သို့ အပို့ခံရသည်။ ၁၅ နှစ်ခန့် ကြာပြီးနောက် ရီးစ်မက်ထရီ၏သားဖြစ်သူ ပေါလ်သည် သူ့အဖေ ပြစ်ဒဏ်ကျခံရခြင်း၏ အကြောင်းဇာစ်မြစ်ကို စုံစမ်းရှာဖွေဖော်ထုတ်ခဲ့သည်။ သူ၏ကြိုးစားမှုကြောင့် မက်ထရီအမှုသည် တမျိုးသားလုံး၏ အရေးဖြစ်လာသည်။ ပေါလ်သည် ထိုအခွင့်အရေးကို လွယ်လွယ်ကူကူ ရရှိခဲ့ခြင်းမဟုတ်ဘဲ ဆင်းရဲဒုက္ခမျိုးစုံ ကြုံခဲ့ရသည်။ အမှုကို တဘက်သတ်စီရင်ခဲ့သူတို့၏ တားဆီးမှုများ ရက်စက် ကြမ်းကြုတ်သော ခြိမ်းခြောက်မှုများ၊ စာနာမှုမရှိသော လူများ၏ လှောင်ပြောင်မှုများ၊ ဥပေက္ခာပြုခြင်းများကို အလူးအလဲ ခံခဲ့ရသည်။ နောက်ဆုံး သူ့ကို အစစအရာရာကူညီခဲ့သော လီနာ၏ ကျေးဇူးကြောင့် ခရော်နီကယ်သတင်းစာ အယ်ဒီတာ ဒန်းနှင့် သိခွင့် ရခဲ့သည်။


ပေါလ်၏ ကြိုးစားအားထုတ်မှု၊ ဒန်း၏ လက်သံပြောင်သော သတင်းအရေးအသား၊ ခရော်နီကယ်သတင်းစာ အယ်ဒီတာချုပ်မက်အီဗွိုင်းတို့၏ ရဲရင့်မှုများကြောင့် မက်ထရီလူသတ်မှုသည် ၁၅နှစ်အကြာတွင် ပြန်လည်စစ်ဆေးရန် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။ မက်ထရီအမှုအတွက် ဘက်လိုက်မှုကင်းသည့် စုံစမ်းစစ်ဆေးမှုများကို ပြည်သူများက တောင်းဆိုလာကြသည်။ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စသည့် ကဏ္ဍများမှ အကြီးအမှူးများကလည်း ပါဝင်အော်ဟစ်လာကြသည်။ ထိုသို့ အရှိန်အဟုန်ပြင်းသော တောင်းဆိုချက်များကြောင့် စတုန်းဟိဂ် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော ရီးမက်ထရီကို ခြွင်းချက်မရှိလွှတ်ပေးပြီး တိုင်းသိပြည်သိစုံစမ်း စစ်ဆေးမှုများကို ပြုလုပ်မည့် အကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က အောက်လွှတ်တော်တွင် ကြေညာရလေသည်။ တိုင်းပြည်အတွက် အရေးပါသော သတင်းစာ၏ အခန်းကဏ္ဍအရေးပါမှုကို အေဂျေကရိုနင်က ယခုစာအုပ်တွင် ထင်ရှားအောင် ပြဆိုထားသည်။

ထိုစာအုပ်ကိုဖတ်ရင်း အင်္ဂလန်နိုင်ငံ၏ တရားစီရင်ရေးစနစ်ကို ကျွန်တော်လေးစားအားကျမိသည်။ စာအုပ်၏ တ နေရာတွင် မတရားမှုကိုဖော်ထုတ်ရန် ကြိုးစားရင်း ပေါလ် အဖမ်းခံရသည်။ ရက်ရက်စက်စက် နှိပ်စက်ခံရသည်။ အစိုးရရှေ့နေနှင့် ပုလိပ်မင်းကြီးတို့သည် ပေါလ်ကို ထိုမြို့မှ ထာဝရပျောက်ကွယ်သွားစေရန် ကြိုးစားကြသည်။ ပေါလ်၏ မရှိသောအပြစ်များကို စစ်ချက်တွင်ရေးသား၍ တရားရုံးတင်ပြီး ချုပ်ရက်ရမန် ယူရန်ကြိုးစားခဲ့သည်။ ထိုအတောအတွင်း ပေါလ်၏ဘဝ တမျိုးတဖုံ ဖြစ်သွားစေရန် ရည်ရွယ်ပုံရသည်။ သို့သော် တရားသူကြီးသည် သူတို့ ရေးထားသော အမှုတွဲ ရေးသားချက် တခုတည်းဖြင့် မဆုံးဖြတ်ဘဲ ပေါလ်၏သဘာဝအခြေအနေကိုမေးမြန်းစစ်ဆေးကာ အာမခံငွေ ပေါင် ၅၀ တင်စေသည်။ ထိုအခွင့်အရေးကို ဒန်းက ကောင်းကောင်းအသုံးချပြီး ပေါလ်ကို အာမခံပေးဖို့တာဝန်ယူသည်။ မမျှော်လင့်ဘဲ အငိုက်မိသွားသော ပုလိပ်မင်းကြီးသည် တရားသူကြီး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည်။ ထိုအခါတရားသူကြီး ပုလိပ်မင်းကြီးကို ပြန်၍ ပြောသောစကားသည် စာဖတ်သူကို အားရဝမ်းသာဖြစ်စေ၏။ “ဒီရုံးတော်ဟာ ပုလိပ်ဆီကဖြစ်ဖြစ် ဘယ်သူ့ဆီကဖြစ်ဖြစ် အကြံပေးချက်များကို နာခံတဲ့ရုံးတော် မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အခုရုံးတော်က ဆုံးဖြတ်တဲ့အတိုင်း အတည်မပြုစရာ ဘာအကြောင်းမှ မမြင်ဘူး။” ဟူ၍ ဖြစ်ပါသည်။ တရားသူကြီး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သော လက်နက်ကိုင် အဖွဲ့အစည်းတခုက အရာရှိတယောက်ကို ပြောလိုက်သော စကားမှာ အားရစရာကောင်းပါသည်။

မူရင်းစာရေးသူသည် နိုင်ငံ၏တရားစီရင်ရေး ပျက်ယွင်းနေမှုကို ထောက်ပြနိုင်ရန် ကလောင်စွမ်းပြ၍ခြယ်မှုန်းသည်။ ဘာသာပြန်ရေးသူ ဆရာထင်လင်းသည်လည်း ထိရောက်သော စကားလုံးများဖြင့် မြန်မာစာဖတ်သူများကို မိတ်ဆက်ပေး သည်။ ကျွန်တော်တို့နိုင်ငံ၏ တရားစီရင်မှုကရော ဘယ်လိုများပါလိမ့် ခြေရာပြန်ကောက်ကြည့်ပါသည်။ မြန်မာနိုင်ငံသားများ သည် အမှုအခင်းနှင့် ပတ်သတ်ပြီး ကြောက်တတ်သည့် ရောဂါရှိကြသည်။ ယုတ်စွအဆုံး ရပ်ကွက်ရုံးကိုပင် အဆက်အဆံ မလုပ်လိုကြ။ မတတ်သာ၍ထောက်ခံစာ ယူရန်သွားရသည့်အခါမျိုးတွင် ရုံးစာရေးလိုလူနှင့်ပင် ဆက်ဆံချင်စိတ် မရှိ၊ ရွံကြ၏။ အရင်းစစ်ပါလျှင် မယုံကြည်ခြင်းဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံသည် ဥပဒေနှင့်ပတ်သတ်လျှင် တရားမျှတမှု ဘယ်တုန်းကမှ မရှိ။ နှစ်ပေါင်းများစွာ အကျင့်ပျက်ခြစားမှု၏ အကျိုးဆက်များကို ပြည်သူများခံနေရသည်။ လူထုသည် ကိုယ့်ရပိုင်ခွင့်ကိုယ် မသိ။ လူဂုဏ်သိက္ခာနှင့်အညီ နေထိုင်ခွင့်ရှိသည်ကို မသိ။ သိအောင် ကြိုးစားခွင့်လည်း မရှိခဲ့ပေ။ အရာရာကို ကြောက်ခဲ့ရသည်။ ခြိမ်းခြောက်တိုင်း ခံခဲ့ရသည်။ ခုခံခွင့်သည် ကိုယ်နှင့် မဆိုင်။ ကံကိုသာ ယိုးမယ်ဖွဲ့ကြ၏။


၂၀၂၁ ဖေဖော်ဝါရီလ၁ရက်နေ့ စစ်တပ်က ဥပဒေကိုကျော်လွန်ပြီး နိုင်ငံတော်အာဏာကို အဓမ္မ သိမ်းယူခဲ့သည်။ ဆန့်ကျင်သူများကို နည်းလမ်းပေါင်းစုံဖြင့် နှိမ်နင်းခဲ့သည်။ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ခဲ့ပြီး သတင်းသမားစစ်စစ်များကို ဥပဒေမျိုးစုံဖြင့် ဖမ်းဆီးထောင်ချခဲ့သည်။ ထို့အပြင် တရားစီရင်ရေးကိုလည်း ၎င်းတို့သာ အသာစီးယူ ခြယ်လှယ်ခဲ့သည်။ တရားသူကြီးများသည် တရားမျှတမှုထက် လက်နက်ရှိသူကိုသာ ဘက်လိုက်နေကြ၏။ စစ်အာဏာရှင်၏လက်ကိုင်တုတ်အဖြစ် အသုံးတော်ခံနေ၏။ ထို့ကြောင့် တရားသူကြီး၊ ရှေ့နေနှင့်ရဲတို့သည် မြန်မာနိုင်ငံတွင် အားကိုး၍ရသောသူများ မဟုတ်ဟု ပြည်သူများ ပို၍ မြင်ကြ၏။ စစ်တပ်ဆန့်ကျင်သူများ၊ မသင်္ကာ၍ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများ မည်သူဖြစ်စေ နှိပ်စက်ခံရဖို့ ရာနှုန်းပြည့်သေချာ၏။ ပုဒ်မကို လိုသလိုတပ်၍ ထောင်ချ၏။ ခုခံကာကွယ်ခွင့် ဆိုသည်မှာ နကမ္ပတ္တိဖြစ်၏။

ဖမ်းဆီးရပြီးနောက် ကျန်ရစ်ခဲ့သည့် မိသားစုမှာ ဒုက္ခရောက်ကြ၏။ ခြိမ်းခြောက်ခံရ၏။ အကြောင်းမှာ မသိခြင်းကြောင့်ဖြစ်သည်။ သိသောသူကို ဖိနှိပ်ခဲ့ကြသည်။ အသိပေးသူ၊ ဆန့်ကျင်သူကို ဖမ်းဆီးထောင်ချသည်။ ပုဒ်မမျိုးစုံတပ်သည်။ ထိုသို့ လုပ်ရာတွင် ရဲ၊ အစိုးရရှေ့နေ(ဆွဲချ)နှင့် တရားသူကြီးတို့ အဓိကပါဝင်၏။ လူကိုဖမ်းဆီးခြင်းမျှမက မိမိလုပ်အားနှင့် ရှာဖွေ စုဆောင်းထားသော ပစ္စည်းဥစ္စာကိုလည်း အဓမ္မ သိမ်းယူခြင်း ခံနေရ၏။ ဖမ်းဆီးခံရသူကို တရားနည်းလမ်းတကျ ဆောင်ရွက်ခြင်း မရှိဘဲ အပြစ် ပိုမိုကြီးမားအောင် ကြိုးစားအားထုတ်ကြ၏။ ဥပဒေအတိုင်းဆောင်ရွက်သည်ဟု လူကြားကောင်းအောင် ဟစ်အော်ကြ၏။ မတရား ဖမ်းဆီးခံရသူများကို ပြန်လွှတ်သောအခါတွင်လည်း သူတို့ကိုယ်သူတို့ မေတ္တာရှင်ကြီးများအဖြစ် ပုံဖော်ကြ၏။

“အပြစ်မရှိတဲ့ လူတယောက်ကို အပြစ်ကချမ်းသာပေးတယ်ရယ်လို့ ထုံးစံမရှိ”ဟု အေဂျေကရိုနင်က ဆိုခဲ့သည်။ မှန်ပါ၏။ မကြာသော ကာလတွင် တရားမျှတမှုကို အခြေခံသော တရားစီရင်ရေးတရပ် ပေါ်ထွန်းလာလိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါ၏။ ထိုအခါတွင် မတရားမှုများကို စိတ်ရောကိုယ်ပါဆောင်ရွက်ခဲ့ကြသူများကို ထိုက်သင့်သော တုန့်ပြန်မှုများနှင့် တရားမျှတစွာ ပြန်လည်စီရင်ရမည် ဖြစ်၏။ အလှည့်ဆိုတာ ရှိစမြဲဖြစ်သည်။ သူ့အလိုလို ရောက်မလာ တတ်ပေ။ ထိုက်သင့်သော ကြိုးစားအားထုတ်မှုတော့ လိုအပ်ကြောင်း ပေါလ်မစ်ထရီက သက်သေပြခဲ့လေသည်။

#RedNewsAgency

By Editor