KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

“KIA ပူးပေါင်းတပ်တို့သည် မိုးမောက်၊ မံစီ၊ ဗန်းမော် မြို့ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည်် မြို့ထဲရှိစခန်းများသို့ သွားရောက်ပူးပေါင်းကာ ပြည်သူများကို အကာကွယ်ယူ ( လူသားဒိုင်း) ပြီး ပြန်ခုခံဖို့ ကြိုးစားနေသည်”

သူရိန်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ မတ်လ ၇ ရက်နေ့က စတင်ခဲ့သည့် စစ်ရေးအရှိန်ဟာ နှစ်လအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ‌၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်တွင် KIA က စစ်ရေးအရှိန်မြှင့်လာပြီး စစ်ကောင်စီတပ် အထိနာနေသည့် အနေအထားဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အဝင်မှာ မတ်လ ၇ ရက်စစ်ဆင်ရေးစပြီး တစ်လကျော်အကြာ ဧပြီလ ၂၆ ရက်နေ့မှာ လိုင်ဇာမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကိုတည်း ပြည်လည်ဖွင့်လှစ်ခဲ့သည်။ လိုင်ဇာမြို့အဝင် ဆိုင်းဘုတ်နှင့် ပတ်သက်ပြီးတော့လည်း KIA၏ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က “ ယနေ့မနက် အဝင်ဆိုင်းဘုတ် စိုက်ထူပြီး ဆုတောင်းကြပါတယ်။ (အောင်ပွဲခံခြင်း မဟုတ်ပါ) (၁၀) နှစ်ကျော်မှ လိုင်ဇာ ဝင်ပေါင်းများ ပြန်ဖွင့်နိုင်ခဲ့ကြချိန် ဒေသနေသူများ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရသကို ပြန်ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ဖို့ ဆက်လက် ကြိုးစားကြရပါအုံးမယ်” လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြည်သူများကို အသိပေးထားပါသည်။

KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၅ ရက်နေ့ တစ်ရက်တည်းမှာ ဆွမ်ဘရာဘွမ်မြို့ အပါအဝင် ဝိုင်းမော် မြို့နယ်က တပ်စခန်းများအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မေလ ၅ ရက်နေ့ တစ်ရက်တည်းတွင် ဆွမ်ပရာဘွမ်ဗျူဟာစခန်း၊ ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂမ်ဘွမ်၊ ဂမ်ဂယာစခန်း၊ အင်ခရမ်စခန်း၊ ငါ့ဂယာန်စခန်း၊ လိုင်ဖောင်စခန်း၊ ဖောင်ဒေါ့၊ လော့ခွမ်၊ လော့ဖြိုး အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၁ ခု ကို တိုက်ခိုက်သိမ်းပိုက်ရရှိသည်ဟု သိထားရပါသည်။


ကချင်လွတ်မြောက်ရေးတပ်မတော်၏ တပြိုက်နက် ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်အတွင်းက အကြမ်းဖက်စစ်တပ်မှာ ဖရိုဖရဲဖြစ်ကာ တပ်စခန်းများကို ဆက်တိုက် လက်လွတ်ဆုံးရှုံးနေရသည်။ ကချင်ပြည်နယ် ဝိုင်းမော်မြိုရှိ စစ်ကောင်စီတပ်၏ ဂိဒုန်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က (၃)ရက်ကြာ တိုက်ခိုက်ပြီး မေလ(၆)ရက်နေ့က ထပ်မံ သိမ်းပိုက်လိုက်ပြန်သည်။ ဂီဒုန်တပ်စခန်းသည် ယခင်က KIA တပ်စခန်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က စစ်တပ်မှ (၄)လကြာ တိုက်လေယာဉ်၊ လက်နက်ကြီးများအသုံးပြု၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ပြီးသိမ်းယူကာ စခန်းအတွင်း စေတီတည်ထားသည့် လုပ်ရပ်မျိုး လုပ်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်က ဂီဒုန်တပ်စခန်း သိမ်းခံရမှုနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က ကချင်အမျိုးသားများ၏ ယုံကြည်မှုနှင့် ဂီဒေါင်စခန်းကို လဲလည်လိုက်ရသည့်အတွက် ဝမ်းမနည်းကြရန်နှင့် (၄)လကြာ ခုခံတိုက်ပွဲဆင်နွှဲခဲ့ကြသည့် ရဲဘော်ရဲဘက်များကို လေးစားအသိမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ယခုအချိန်မှာ​တော့ ဂီဒုန်တပ်စခန်းကို KIA ရဲဘော်များက ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်သည်။


KIA အနေဖြင့် အခုချိန်မှာ ကချင်ပြည်ထဲက မိုးမောက်မြို့၊ မံစီမြို့နှင့် ဗန်းမော်မြို့တို့မှာရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများကို မေလ ၇ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြသည့်အနေအထားမှာ ဗန်းမော်မြိုရှိ စင်းစခန်းကို နာရီပိုင်းအတွင်း သိမ်းပိုက်ရရှိခဲ့ပြန်သည်။ ဗန်းမော်မြိုနယ်ရှိ စင်းခန်းစစ်စခန်း၊ ဧရာဝတီမြစ်ကူးတံတားလုံခြုံရေးဂိတ်စခန်း၊ စင်းခန်းချောင်းကူးတံတားလုံခြုံရေးကင်းစခန်း၊ စင်းခန်းနယ်မြေ ရဲစခန်းတိုကို သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့သည် မိုးမောက်၊ မံစီ၊ ဗန်းမော် မြို့ပတ်လည်ရှိ စစ်ကောင်စီ တပ်စခန်းများ အားလုံးကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည်် မြို့ထဲရှိစခန်းများသို့ သွားရောက်ပူးပေါင်းကာ ပြည်သူများကို အကာကွယ်ယူ ( လူသားဒိုင်း) ပြီး ပြန်ခုခံဖို့ ကြိုးစားနေသည်ဟု ကချင်စစ်ရေးသတင်းတွေမှာ ဖော်ပြထားသည်။ စစ်ကောင်စီအနေဖြင့် တနိုင်ငံလုံးနီးပါး စစ်မျက်နှာပြင်ဖြစ်နေသည့်အတွက် တိုက်ပွဲတိုင်း ရှုံးနိမ့်နေသည်မှာ အားလုံးအသိဖြစ်သည်။

ကချင်ပြည်နယ်မြောက်ဖျားက စစ်ကောင်စီ၏ သွေးကြောကြီးတစ်ခုဖြစ်တဲ့ ဆွမ်ပရာဘွမ်မှ ခလရ ၄၆ တပ်ရင်း ဗျူဟာမြောက်စခန်းကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF၊ KPF တပ်ပေါင်းစုတွေ ၂ လအကြာ မေလ ၅ ရက်နေ့မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါသည်။ KIA စစ်ရေးအရှိန်မြှင့်လိုက်သည့်နောက်ပိုင်း လွယ်ဂျယ်မြို့ကိုလည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။ နယ်မြေစိုးမိုးမှုအရ မြို့တွေသာ သိမ်းယူရတော့မည့် အနေအထားဖြင့် စစ်ကောင်စီတပ်များကို ပိတ်ဆို့ထားနိုင်မှာ တော်တော်များများရှိနေပြီဖြစ်သည်။

ယခုဆိုလျှင် စစ်ရေးအရှိန်မြှင့်ပြီး ကချင်ပြည်နယ်ထဲက မြို့ကြီးတွေအထိ သိမ်းပိုက်ဖို့ လုပ်ဆောင်မယ်ဆိုပါက ယခင်ထက် လွယ်ကူသောအချိန်ဖြစ်သည်ကို KIA အနေဖြင့် လက်ခံထားပုံရသည်။ ထို့ကြောင့်လည်း စစ်ရေးအရှိန်ကို ပေါ်ပေါ်တင်တင်မြှင့်လိုက်ခြင်းဖြစ်သည်။ ယခုလို ဘာကြောင့် ပြောရသလဲဆိုတော့ နွေဦးတော်လှန်ရေး စတင်ကတည်းက ပြည်သူနှင့်အတူရှိခဲ့သလို တော်လှန်ရေးရဲဘော်များစွာကိုလည်း မွေးထုတ်ပေးခဲ့သည်မှာ အားလုံးအသိဖြစ်သည်။


လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့ကြသည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းသည့် မြေပြန့်ဒေသများက ရဲဘော်များစွာမှာ KIA ထံမှ စစ်သင်တန်းရယူဖူးခဲ့သူများရှိပါသည်။ စစ်ပညာရယူခဲ့မှုနှင့်အတူ လက်နက်ခဲယမ်းများကိုလည်း ရရှိခဲ့သူများ ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့်လည်း KIA က ပူးတွဲ၍ စစ်ရေး နိုင်ငံရေးတို့ကို ပူးတွဲလုပ်ဆောင်နေသည်ကိုလည်း တွေ့ရပါသည်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေးတို့အတွက် တိုက်ပွဲဝင်လိုသည့် AA၊ TNLA တို့ကိုလည်း တချိန်က KIA က များစွာကူညီခဲ့သည်ဟု သိရပါသည်။

ကချင်လွတ်လပ်ရေးတပ်မတော်အနေဖြင့် စစ်ရေး၊ နိုင်ငံရေးအတွေ့အကြုံများမှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည့်အတွက် ပြည်သူနှင့်အတူ အာဏာရှင်စနစ်ကို တွန်းလှန်ရာမှာ ပညာသားပါပါ အသံလုံလုံဖြင့် ချီတက်လာခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် အင်အားကောင်းလှသည့် ကချင်လူထုနှင့်အတူ KIA ရဲဘော်များ၊ မဟာမိတ်တပ်များက ကချင်တပြည်နယ်လုံးလွတ်မြောက်ရေးမှသည် တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် စစ်ရေးအရှိန်မြှင့်လာသည်ဟု ယုံကြည်နေကြသည်။

#RedNewsAgency

By Editor