ပခုက္ကူမြို့နယ်အတွင်း စိုးမိုးထိန်းချုပ်နေရာများတွင် သတ်မှတ်နေရာမှလွဲ၍ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တားမြစ်

RNA_ဧပြီ(၂)၊၂၀၂၄ခုနှစ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ လမ်းမကြီးများနှင့် လမ်းပိုင်းအချို့တွင် စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခွန်ကောက်ခံရန်သတ်မှတ်ထားသော နေရာများမှလွဲ၍ အခွန် ကောက်ခံခြင်း ဆက်ကြေးတောင်းခံခြင်း လုံးဝ(လုံးဝ) ဆောင်ရွက်ခွင့်မပြုကြောင်း အမိန့် ထုတ်ပြန်ထားသည်။

တော်လှန်ရေးကာလတွင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပြည်သူ လူထုအား ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် အခွန်အခကောက်ခံခြင်းနှင့် ပြန်ပေးဆွဲခြင်း၊ ဓါးပြတိုက်ခြင်းဖြင့် ရန်ပုံငွေရှာဖွေခြင်းသည် မှားယွင်းသောနည်းလမ်းဖြစ်ကြောင်း၊ အဖွဲ့အစည်းများ၏ စည်းလုံးမှုကိုအသုံးချ၍ စုပေါင်းစိုက်ပျိုး/မွေးမြူရေး၊ စုပေါင်းကုန်ထုတ်စနစ်များဖော်ဆောင်၍ ရန်ပုံငွေရရှိအောင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“၁-၄-၂၀၂၄ရက်မှစတင်၍ ပခုက္ကူမြို့နယ်တွင်း ပခုက္ကူမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က အခွန်ကောက်ခံရန်သတ်မှတ်ထားသော နေရာများမှလွဲ၍ အခွန် ကောက်ခံခြင်းဆက်ကြေးတောင်းခံခြင်း လုံးဝ (လုံးဝ) ဆောင်ရွက်ခွင့်မပြုကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။ ယခုအမိန့်သည်ထုတ်ပြန်သည့် အချိန်မှစ၍ နောက်ထပ်အမိန့် တစ်စုံတစ်ရာ မထုတ်ပြန် သည်အထိ အတည်ဖြစ်သည်။ လိုက်နာရန်ပျက်ကွက်ပါက ပခုက္ကူမြို့နယ်ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။

အခွန်ဟူသည် ပြည်သူလုထုအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်ရန်မလိုအပ်ဘဲ သင့်လျော်မျှတသောနှုန်းထားဖြင့်သာ ကောက်ခံရန်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကမျှ လက်ဝါးကြီးအုပ်စိုးမိုးချုပ်ကိုင်ရန်မဟုတ်ဘဲ ဒေသဖွံ့ဖြိုးရေးနှင့် နယ်မြေတည်ငြိမ်ရေး ကဏ္ဍများအတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်ထောင်စုအဆင့် အညီအမျှ အချိုးကျမျှဝေသုံးစွဲရမည်ဟူသောမူဝါဒကို ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က လက်ခံကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

#RedNewsAgency

By Editor