လူထုသပိတ်စစ်ကြောင်းအကြမ်းဖက်ဖြိုခွင်းခံရခြင်း (၃) နှစ်ပြည့်အခမ်းအနားပြုလုပ်

RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၄ခုနှစ်။

ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဦးဆောင်သည့် ထားဝယ်လူထုသပိတ်စစ်ကြောင်း အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရသည့် ဝမ်းနည်းဖွယ် (၃)နှစ်ပြည့် အခမ်းအနားကို “လမ်းမထက်ကသွေးတွေမခြောက်သရွေ့၊ လူထုတရပ်လုံး သွေးဆူကြဟေ့” ဆိုသည့် ကြွေးကြော်သံဖြင့် ယနေ့ နံနက်ပိုင်းက လောင်းလုံမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပြည်သူသိန်းချီပါဝင်သည့် ထားဝယ်မြို့ပေါ်က ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်မှ ကျည်အစစ်များအသုံးပြုပြီး ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် ကိုဗညား (၃၉ နှစ်)၊ ကိုဖေသန်း (၃၈ နှစ်)၊ ကိုသန်းဝင်း (ခ) ဂျွန်မာခမ် (၃၆ နှစ်)နှင့် ကိုလွင်လွင် (၃၃ နှစ်) တို့ ကျည်ဆန်ထိမှန်ခဲ့ပြီး ပြည်လူထု လွတ်မြောက်ရေးအတွက် အသက်ပေးဆပ်ခဲ့ပြီး၊ ဒဏ်ရာရရှိခဲ့သူ ၃၀ ခန့်ရှိပြီး ၂၀ ခန့်ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည်ဟု DDMSC ထံမှ သိရသည်။

ယနေ့ပြုလုပ်သည့် (၃) နှစ်ပြည့် အခမ်းအနားကို ဒေသခံပြည်သူ ထောင်ချီပါဝင်သည့် သပိတ်စစ်ကြောင်းက ၄ မိုင်ခန့် လမ်းလျှောက်ချီတက်ခဲ့ပြီး၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းဝင်းတစ်ခုအတွင်း ထားဝယ်ခရိုင်လူထုသပိတ်မှာ ကျဆုံးသွားသည့် ဒီမိုကရေစီသူရဲကောင်း ၄ ဦးနှင့်အတူ ပြည်သူ့အာဇာနည်တွေကို လွမ်းသူပန်းခွေချခြင်းနှင့် ဂါဝရပြုခြင်း၊ ထုတ်ပြန်ချက်ဖတ်ကြားခြင်းနှင့် တော်လှန်ကဗျာရွတ်ဆိုမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor