မင်းအောင်လှိုင်အခြေစိုက်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်မှာလား?

“ရှမ်းမြောက်၊ ရှမ်းတောင်၊ တောင်ပိုင်းစစ်ဒေသ၊ ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးကို စစ်ရင်ဆိုင်ထားရတဲ့ စစ်ကောင်စီအနေနဲ့ နေပြည်တော်နဲ့ အနီးဆုံးအထိ တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးဖောက်လာမှုကို မသိပဲမနေပါဘူး။ မတတ်သာလို့သာ မျက်စိစုံမှိတ်နေရပေမယ့်”
**************************
မောင်ဝိ

“မြို့တွေကို အသေခံပြီး လျှောက်ယူစရာမလိုဘူး၊ ဒါပေမဲ့ လိုရင်လိုသလိုတော့ ဝင်တိုက်မှာပဲ၊ အဓိကကျတာတော့ သူတို့ရဲ့အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ကို ဘယ်လိုထိုးဖောက်မလဲဆိုတာ ကျွန်တော်တို့ စဉ်းစားရမှာပဲ”လို့ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ဖော် ပြောဆိုထားပါတယ်။ အခုလိုပြောဆိုမှုအပေါ် စစ်ကောင်စီတပ်တွေအနေနဲ့ အာဏာသိမ်းခါစအချိန်တွေကလို လက်လွှတ် စပယ်မနေရဲတာတော့ အသေအချာပါပဲ။

ပဒိုစောတောနီးပြောခဲ့သလိုပါပဲ စစ်ကောင်စီရဲ့ အသဲနှလုံးဖြစ်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်တဲ့ လမ်းတွေထဲမှာ ကရင်နီစစ်မျက်နှာနဲ့ ပဲခူးတိုင်းအတွင်းက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှ အနောက်ဘက်ကမ်းအထိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တရွှေ့ရွှေ့ လှုပ်ရှားမှုတွေပါဝင်ပါတယ်။ အသိသာဆုံးဆိုရင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ နေပြည်တော်မှ မိုင် ၅၀ ခန့်အကွာ၊ တောင်ငူ-ရေတာရှည် မြို့နယ်ရှိ ကျေးရွာတွေထဲက တိုက်ပွဲတွေပဲ ဖြစ်တယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရေတာရှည် မြို့နယ် ဒိုးတန်းရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီ ၄၀ ခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရှင်းလင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

နောက်ထပ်လည်း ပဲခူးတိုင်း၊ ထန်းတပင်၊ ဇရပ်ကြီးမြို့ရှိ ခလရ ၇၃ တပ်ရင်း၊ ဇရပ်ရဲစခန်း၊ ချောင်းချားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလိုစခန်းအပါအဝင်၊ စစ်ကောင်စီစခန်း ၆ ခုထက် မနည်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်များက တပြိုင်နက်တည်း ဝင်တိုက်ခဲ့ကြပါတယ်။ အဲသလို အခြေအနေတွေကြောင့် စစ်ကောင်စီအနေနဲ့ လေယာဥ်၊ ရဟတ်ယာဥ်တွေ သုံးပြီး ပဲခူးတိုင်းအတွင်းက မြို့နယ်တွေ မပေးရရေးအတွက် အပြင်းအထန် ခုခံပိတ်ဆို့နေခြင်းဖြစ်တယ်။


အကြမ်းဖက် အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီအနေနဲ့ နေပြည်တော်နဲ့ပတ်သတ်ပြီး စိုးရိမ်စိတ်က ဒီမျှပဲလားဆိုတော့ မဟုတ်ပါဘူး၊ နောက်ဆက်တွဲ စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့် မီဒီယာတွေကနေ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကို သတိပေးပြောဆိုမှုတွေကတော့ “ကယားပြည်နယ်မှ မာဝီ ခေါင်းဆောင်ပြီး အင်အား ၂၀၀၀ ကျော် မနေ့က တက်သွားပါပြီ၊ နောက်ချန် စစ်ကူအတွက် ဒီမောဆိုနောက်ဖက်ခြမ်း၊ အနောက်ပဒေါင်ဖက်ရှိ ပီကင်း၊ ဆီးပူး၊ လိပ်သိုယာကို တောင်ငူမှ နေပြည်တော်ကိုဖောက်ထွက်တဲ့ လမ်းတကြော  ရောက်ရှိ နေရာယူထားကြပါတယ်…”

“ပဲခူးရိုးမ  တောင်ခြေရှိ PDF /KNU များလည်း နေရာယူထားကြပါတယ်၊ ရှားတောမှာ ရှိနေတဲ့ ခူးရီထူး ဗျူဟာ ၃ အဖွဲ့က ဆင်စခန်းဖက်မှ  မိုးဗြဲ  ညာဖက်ကနေဖောက်ထွက်ပြီး နေပြည်တော်သို့ ဝင်ဆောင့်နိုင်ပါတယ်၊ သတိထားဖို့နဲ့ ကြိုတင်ချေမှုန်းနိုင်ဖို့ပါ……..” ဆိုတဲ့ အထူးသတိပေးချက်ပုံစံမျိုး စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေကနေ ဖော်ပြထားပါတယ်။

ဒီတော့ ၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ တော်လှန်ရေး ရေချိန်ဟာ ၂၀၂၃ ခုနှစ်၊ ၁၀ လပိုင်း ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ စစ်ကောင်စီကို ဖိနှိပ်မှုတွေများစွာပေးနိုင်ခဲ့ပါတယ်။ ရှမ်းမြောက်မှာ မုန်းကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ ဟိုပန်၊ သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်း အစရှိတဲ့မြို့များစွာကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာပင် MNDAA နဲ့ TNLA တပ်တွေက မဟာမိတ်တပ်များနဲ့ ပူးပေါင်းပြီး သိမ်းပိုက်ရရှိခဲ့ပါတယ်။


ရက္ခိုင့်တပ်တော် (AA) ဘက်မှလည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစပြီး ရသေ့တောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ ချိန်ခါလီ နဲ့ ဒုံးပိုက်စခန်းကို စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပလက်ဝ၊ ဆမီးမြို့တွေကို သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်။ ဒါ့အပြင်ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့တွေကို ရက္ခိုင့်တပ်တော် AA မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲမြို့တွေမှာတော့ စစ်ကောင်စီဘက်မှ ခွာစစ်ပြင်နေပြီပဲဖြစ်တယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီဘက်မှ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ဂွမြို့နယ်တွေကိုသာ အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ အခြေအနေပဲဖြစ်ပါတော့တယ်။

လက်နက်ကိုင် တော်လှန်ရေးဟာ ရှမ်းမြောက်၊ ရခိုင်၊ တောင်ပိုင်းတိုင်းနဲ့ ရပ်တန့်နေတာမျိုးမဟုတ်ပါဘူး။ ရှမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင်လည်း ပအိုဝ်းစော်ဘွားတွေ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ပြီး စော်ဘွားခွန်ကြည်နောက်ဆုံးအုပ်ချုပ်ခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ကို ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ ပအိုဝ်းအမျိုးသားတပ်မတော် PNLO/ PNLA က မဟာမိတ်တပ်များနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဟိုပုံးမြို့မှာလည်း စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်များနဲ့ PNLA တို့အကြား တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။

အခုလို ရှမ်းမြောက်၊ ရှမ်းတောင်၊ တောင်ပိုင်းစစ်ဒေသ၊ ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးကို စစ်ရင်ဆိုင်ထားရတဲ့ စစ်ကောင်စီအနေနဲ့ နေပြည်တော်နဲ့ အနီးဆုံးအထိ တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးဖောက်လာမှုကို မသိပဲမနေပါဘူး။ မတတ်သာလို့သာ မျက်စိစုံမှိတ်နေရပေမယ့်၊ ကျန်ရှိနေသေးတဲ့ လုပ်ပိုင်ခွင့် အာဏာအပါအဝင် လက်နက်အားကိုးနဲ့ စစ်မှုထမ်းဥပဒေကို အသဲအသန် ဖော်ဆောင်နေရတာဖြစ်တယ်။ ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးရဲ့ ပြောဆိုချက်အပြီး စစ်ကောင်စီဘက်က နေပြည်တော်မှာ လုံခြုံရေးတွေပိုတိုးမြှင့်ချထားပြီး စစ်ဗိုလ်ချုပ်တွေ ထိတ်လန့်နေတယ်လို့ သိရှိရပါတယ်။


အချုပ်အားဖြင့်ဆိုရရင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် တိုင်းရင်း သားလူမျိုးပေါင်းစုံအနေနဲ့ နေရာပေါင်းစုံကနေ တိုက်ထုတ်နေပြီး အောင်ပွဲရရှိမှုတွေကလည်း မျက်မြင်ပဲ ဖြစ်တယ်။ ဒီတော့ စစ်အာဏာရှင်တွေ အခြေစိုက်တဲ့ နေပြည်တော်အနေနဲ့ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ကရင်နီ စသဖြင့် နေရာပေါင်းစုံကနေ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဘယ်လို စစ်ဗျူဟာတွေနဲ့ ထိုးဖောက်လာနိုင်မလဲဆိုတာကို ဆက်လက် စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။ ။

#RedNewsAgency

By Editor