ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။

ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်- AA တို့ ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ စခန်းသိမ်းခံရမှုနှင့် သေဆုံးမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်ထိုးစစ်ဆင်တိုက်နေသည့် မောင်တောဒေသရှိ ဗောဓိကုန်းစခန်းကိုလည်း ယမန်နေ့က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ (၁၄) လောင်းတွေ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် တောင်ကြောတွင်လည်း ခမရ (၅၃၆) တပ်ရင်း နှစ်ဖက်ရင်ဆိုင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၄) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၁၀) ဦးခန့်အထိရှိသည်ဟု AA ကထုတ်ပြန်ထားသည်။

ရက္ခိုင်ဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲများမှာ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း၊ ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့ များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို AA ရဲဘော်များက သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#RedNewsAgency

By Editor