အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် တောင်းဆိုဆန္ဒပြ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၄ခုနှစ်။

အကျဉ်းထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများအတွက် “အသက်တွေကိုပိတ်မထားနဲ့ ဖွင့်ပေး” ခေါင်းစဉ်ဖြင့် ယနေ့ သပိတ်အင်အားစုများက စစ်ကိုင်းတိုင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး (အသက်- ၃၅ နှစ်) သည် ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျဆုံးခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌ အကျဉ်းထောင်များအတွင်း ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား (၅)ဦးအထိရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ : PPNM – မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး/


အကျဉ်းထောင်များအတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိဘဲ သေဆုံးခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများကိုယ်စားပြင်ပမှပို့ဆောင်သည့် ထောင်ဝင်စာပါဆယ်တွင် နိုင်ငံခြားဆေးဝါးများလက်ခံရန်၊ အကျဉ်းထောင်တွင်းလုံလာက်သောဆေးဝါးစောင့်ရှောက်မှုပေးရန်၊ အရေးကြီးလူနှာများကို ပြင်ပဆေးရုံများသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ရန်၊ ပြင်ပဆေးရုံများတွင် ရောဂါသက်သာပျောက်ကင်းသည်အထိ ကုသခွင့်ပေးရန်အတွက် ယနေ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

 

ယနေ့ ဆန္ဒပြတောင်းဆိုမှုကို မုံရွာ အမြင့်လမ်း လူထုသပိတ် ဦးဆောင်ကော်မတီ၊ မကွေး လူထုတိုက်ပွဲကော်မတီ၊ မုံရွာလူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီ၊ ဝက်လက် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစု၊ ချောင်းဦးလူငယ် သပိတ်အင်အားစု၊ မန္တလေး သပိတ်အင်အားစု၊ AFCC နှင့်ပြည်သူများ စုပေါင်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားကွန်ရက်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor