၆ နာရီကြာ နဂါးတွင်းတိုက်ပွဲအတွင်း BNRA နှင့်ပူးပေါင်းတပ်ဖွဲ့က အသာစီးရခဲ့

RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၄ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူ အင်အား (၇၀) ခန့်ပါ စစ်ကောင်းကို BNRA စေတန်တပ်ဖွဲ့နှင့် ဒေသခံတပ်ရင်းများ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ဖေဖော်ဝါရီလ (၃) ရက်နေ့က နဂါးတွင်းနှင့်ညောင်ဖြူပင်၊ တောပု(ပျူရွာ)ကြား တိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများ အသာစီးရခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ သေဆုံး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။
 
ဖေဖော်ဝါရီလ ၂ ရက်နေ့က မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီလက်အောက်ခံပူးပေါင်းစစ်ကြောင်းသည် မအူကျေးရွာကိုဆင်းပြီး တောပုရွာ(ပျူရွာ) ဝင်ပြီး ပျူများနှင့်ပူးပေါင်းရာ ညောင်ဖြူပြင်စစ်ကောင်စီစခန်းညအိမ်နားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၃ ရက်နေ့ မအူသို့ပြန်လည်ထွက်ခွါချိန် နဂါးတွင်းနှင့်ညောင်ဖြူပင်၊ တောပု(ပျူရွာ)ကြားတွင် တော်လှန်ရေးအင်အားစုများက နံနက် ၉ နာရီ ၂၀ မိနစ် ဝန်းကျင်မှ နေ့လယ် ၃ နာရီ ၂၀ မိနစ်ဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုရှိသည်ဟု BNRA စေတန်တပ်ဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။

အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကောင်စီလက်အောက်ခံများ ၆ နာရီကြာ တိုက်ခိုက်ခံနေရစဉ်အတွင်း လက်နက်ကြီးပစ်ကူများယူခဲ့သည့်အပြင် တောပုရွာမှ ပျူများပါ စစ်ကူလာခဲ့ကြောင်း၊ စစ်ကူလာသည့် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခံရကာ သေဆုံးမှုရှိပြီး၊ ဒဏ်ရာရရှိမှုများရှိကြောင်း သိရသည်။
 
#RedNewsAgency
By Editor