နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်

RNA_ဇန်နဝါရီ(၃၁)၊၂၀၂၄ ခုနှစ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွလက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းများ၏ ဘုံသဘောထားရပ်တည်ချက်ကို NUG မှ ယနေ့ ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်ဟု သိရသည်။

နိုင်ငံရေး ဦးတည်ချက် (၆) ရပ်မှာ ၁။ စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်။ ၂။ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။ (၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်။ (၄)။ သက်ဆိုင်သူများအားလုံးလက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်။ (၅) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်။ (၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်တို့ဖြစ်သည်။

ယနေ့ NUG ၏ ထုတ်ပြန်ချက်တွင် မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင်စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်းအချက်ပါဝင်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ ပါဝင်သည်။

#RedNewsAgency

By Editor