စစ်ကောင်စီ စိုက်ပျိုးသောဖရဲခင်းနှင့် ပြည်သူ့စစ်မဟာဗျူဟာ

“ပြည်တွင်းစစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို အသုံးပြုသောအခါ အသုံးပြုသော စစ်ခေါင်းဆောင်သည် အနှေးနှင့် အမြန်ကျဆုံးခြင်းအ‌ခြေအနေသို့ ရောက်ရှိရသည်”
******************************
မီးသွေး

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ရှိအခြေအနေမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် အဘက်ဘက်မှ ကျဆင်းပြီး ဖယိုဖရဲ အခြေအနေနှင့်ကြုံတွေ့နေရသည်။ စစ်ကောင်စီ၏ နိုင်ငံရေး သွေးခွဲနည်းဗျူဟာဖြစ်သော လူမျိုးရေးသွေးခွဲခြင်းနှင့် ဘာသာရေးမှိုင်းတိုက်ခြင်း တို့ကိုပါ လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။

ဗမာစစ်တပ်၏ နိုင်ငံရေးရင့်ကျက်မှု (Political Maturation) သည် ယနေ့အချိန်မှာ အသုံးမဝင်တော့သည်ကို တွေ့ရှိရသည်။ လွတ်လပ်ရေးရပြီးချိန်ကတည်းက စတင်လိုက်သည့် ပြည်တွင်းစစ်ကြီးဟာလည်းအရှိန်အမြင့်ဆုံး ရောက်ရှိနေပြီးတော့ နိုင်ငံအနှံ့အပြားရှိတိုက်ပွဲများတွင် ကြည်း၊ရေ၊လေ အကုန်အသုံးပြု စစ်ဆင်ရေးများပြုသော်လည်း အဘက်ဘက်တွင် အထိနာကာ ကျရှုံးလျက်ရှိသည်။

စစ်ကောင်စီသည် ခေတ်အဆက်ဆက် စစ်ရေးတွင်ကောင်းမွန်စွာ မထိန်းသိမ်းနိုင်သောအခါ နိင်ငံရေးထည့်သွင်းပြီး မဟာဗျူဟာဆွဲထားသော အပြန်အလှန်နားလည်မှုနှင့် တာဝန်ရှိမှု (mutual understanding and responsibility) ပါဝင်သည့် ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည် ဖော်ဆောင်ရွက်တတ်သည်ကို တွေ့ရှိရပေမည်။ ထိုသို့သော လုပ်ရပ်နှင့်မဟာဗျူဟာများသည် ပြည်ပကျူးကျော်စစ်များတွင်သာ ထိရောက်သော်လည်း တိုင်းရင်းသားလူမျိုးအချင်းချင်း ဖြစ်ပွား‌သော ပြည်တွင်းစစ်များတွင် အသုံးပြုပါက မိမိလည်ပင်းကြိုးကွင်းစွပ်သကဲ့သို့ ဆိုးကျိုးများကြုံတွေ့ရမည်သာ မုချအသေအချာပင်ဖြစ်သည်။

ယခုလို ပြည်သူ့စစ်မဟာဗျူဟာကို နိုင်ငံတကာ အခြေအနေဖြင့်နှိုင်းယှဉ်ကြည့်လျှင် ယူကရိန်းနိုင်ငံရှိ ပြည်သူပြည်သားများသည် ရုရှားနိုင်ငံ၏ ကျုးကျော်စစ်ကို ခုခံဖို့အတွက် ပြည်သူ့စစ်မဟာဗျူဟာကို အသုံးပြုကာ ခုခံခြင်းဖြင့် ယူကရိန်းနိုင်ငံသားအချင်းချင်း အပြန်အလှန်နားလည်မှုနှင့်တာဝန်ရှိမှုကို ပြသနိုင်မည်ဖြစ်ပေသည်။ အာဏာရှင်စစ်ခေါင်းဆောင်များနှင့် ပြည်တွင်းစစ်အများဆုံးတွေ့ရသော အာဖရိကနိုင်ငံများတွင်လည်း ပြည်တွင်းစစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို အသုံးပြုသောအခါ အသုံးပြုသော စစ်ခေါင်းဆောင်သည် အနှေးနှင့် အမြန်ကျဆုံးခြင်းအ‌ခြေအနေသို့ ရောက်ရှိရသည်ကိုတွေ့ရှိရမည်ဖြစ်သည်။

သို့သော် စစ်ကောင်စီသည် ယူကရိန်းနိုင်ငံ၏ အခြေအနေကိုကြည့်ပြီး ပြည်သူ့စစ်မဟာဗျူဟာသည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် စစ်ရေးတွင် နိုင်ငံရေးအရ ခေတ်မှီရေး (Political Modernization) အရ ယုံယုံကြည်ကြည် တော်လှန်ရေးတပ်ဖွဲ့များကို ဖိနှိပ်နိုင်မည်ဟု မျှော်လင့်နေသည်ကိုတွေ့ရှိရပေမည်။

ပြည်သူ့စစ်မဟာဗျူဟာကို စစ်ကောင်စီသည် ပြည်သူများကို အကြောက်တရားဖြင့်ဖိအားပေးကာ တစ်ရပ်ကွက်လျှင် ပြည်သူ့စစ် အယောက်၂၀ မရရှိပါက ပြည်သူ့စစ်ထဲမဝင်သော ပြည်သူများအပေါ်တွင် ငွေကြေးကောက်ခံခြင်း၊ ပြစ်ဒဏ်ပေးခြင်းနှင့် အယုံအကြည်မရှိသော အာဏာ သိမ်းစစ်ခေါင်းဆောင်၏ ပြည်သူ့စစ်ထံမဝင်လိုသော ရွာများကို မီးရှို့ဖျက်စီးခြင်းနှင့်ရွာလုံးကျွတ်နှင်ထုတ်စေကာ ပြည်သူပြည်သားများကို ဒုက္ခအမျိုးမျိုးပေးကာ ပြည်သူ့စစ်အင်အားကို မရရအောင် စုဆောင်းနေသည်ကိုလည်း တွေ့ရှိရပေမည်။

စစ်ကောင်စီသည် ပြည်သူ့စစ်စုဆောင်းသည့်အခါ နိုင်ငံရေးယုံကြည်ချက်ကြောင့်မဟုတ်ပဲ ဘာသာ‌ရေးနှ င့်လူမျိုးရေးမှိုင်းတိုက်ကာ ဝါဒဖြန့် စည်းရုံးသိမ်းသွင်းသည့်ပုံစံကို အသုံးပြုသည်ကိုလည်းတွေ့ရှိရပေမည်။ပြည်သူ ပြည်သားများအနေဖြင့် နီးရာဓားကို‌ ကြောက်လို့ဖြစ်စေ ပြည်သူစစ်ထဲကိုဝင်ရောက်ပါက စစ်ကောင်စီ၏ လိုရာတွင် အသုံးပြုခံရမည့် ဘဝမျိုးကို ရရှိကာ အသက်သေဆုံးခဲ့လျှင်လည်း မိမိ၏သက်ဆိုင်သော မိသားစုအကျိုးခံစားခွင့်ရရှိနိုင်မည်ကိုလည်း လစ်လျူရှုခံထားရနိုင်သည်ကိုလည်း တွေ့ရှိနိုင်ပေမည်။


စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်နေချိန်တွင် ပြည်သူပြည်သားများအနေဖြင့် တကယ်တည်ငြိမ်အေးချမ်းမှုကို အမှန်တကယ်လိုချင်ပါက တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေနီးစပ်ရာသော်လည်းကောင်း၊ အသိမိတ်ဆွေရှိသော တော်လှန်ရေးတပ်ဖွဲ့ကိုလည်းကောင်း ဆက်သွယ်ပြီး သတင်းပေးထားသင့်သည်။ ထိုသို့မဟုတ်ပါကလည်း ပြည်သူ့ဘက်လှည့်ထားသည့် သေနတ်ပြောင်းကို အကြမ်းဖက်မဝင်မနေရဆိုသည့် စစ်ကောင်စီတပ်ဘက် လှည့်ထားဖို့ လိုအပ်သည်။

မည်သို့ပင်ဖြစ်စေ ပြည်သူပြည်သားများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့ များကို ကြိုတင်ဆက်သွယ်ထားပါက ပြည်သူ့စစ်စုဆောင်းမှုထဲရောက်ရှိသည့်တိုင်အောင် မိမိသည်တော်လှန်ရေးတပ်ဖွဲ့များနှင့်ရင်ဆိုင်ရသည့်အခါ ပစ်ခတ်ခြင်းနှင့်ချေမှုန်းခြင်းကို ခံရမည်မဟုတ်ပဲ ညွန်ကြားထားသည့်အတိုင်း ဖရဲသီးအဖြစ်ဖြင့် ဆောင်ရွက်သည့်အခါ အသက်မသေပဲ မိမိ၏ မိသားစုဖြင့် ပြန်လည်ဆုံဆည်းခွင့်ရရှိပေမည်။ အသက်ရှင်သန်ရေးနှင့် တော်လှန်ရေးအတွက် မိသားစုအတွက် ငြိမ်းချမ်းစွာနေလိုသည့် ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ဆက်သွယ်ထားမှသာ ဘဝကဆက်လက်ရှင်သန်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီ၏ ပြည်သူ့စစ်မဟာဗျူဟာသည် မည်သည့်အခါမျှ အောင်မြင်လိမ့်မည်မဟုတ်ပါ။ တနိုင်ငံလုံးကထောက်ခံထားသည့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေချိန်ဖြစ်တာကတစ်ကြောင်း၊ ပြည်သူများကို အကြမ်းဖက်သတ်ဖြတ် စစ်ရာဇဝတ်မှုနေ့စဉ်ပြုနေသည့် စစ်တပ်ကို ပြည်သူများသည် အခွင့်ရပါက လက်နက်ဆွဲကိုင်ချင်သူများသာ ရှိသည်။

ယခုလို ပြည်သူ့ဆန္ဒမပါ အလိုမတူသော ပြည်သူ့စစ်ရရှိရေးကိုဆက်လက် စုဆောင်းနေသမျှ ဝင်ရောက်လာသော ပြည်သူစစ်များသည် တော်လှန်ရေးတပ်ဖွဲ့များ ဖန်တီးထားသော ဖရဲသီးများမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့များ ကိုယ်တိုင်ပြုလုပ်စိုက်ပျိုးသော ဖရဲသီးများအဖြစ် မြင်တွေ့ရတော့မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ ။

#RedNewsAgency

By Editor