ကရင်နီပြည်အတွင်း တပ်ရင်းအလိုက် ဘက်ပြောင်းမှုများ မကြာမီအကောင်အထည်ဖော်မည်

RNA_ဇန်နဝါရီ(၂၄)၊၂၀၂၄ခုနှစ်။

ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးအစီအစဉ်နှင့်ပတ်သက်ပြီး သဘောတူညီမှုများရရှိထားသည့်အတွက် မကြာမီ တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။

“ကရင်နီပြည်နယ်အတွင်း တစ်ပြိုင်တည်း စုပေါင်းဘက်ပြောင်းမှု အစီအစဥ်တစ်ရပ်အား အကောင်အထည်ဖော်ဆောင်လျက် ရှိရာ ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်း အချို့မှတာဝန်ရှိသူများ နှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူမှု များ ရရှိထားပြီးဖြစ်ပါသည်။ သို့ဖြင့်၍ မကြာမီတွင် တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို ကရင်နီပြည် မြို့နယ်အချို့တွင် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်ထားသည်။

ကရင်နီပြည်တွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်သူများအား ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ်ချေမှုန်းရန် ယတိပြတ်မူဝါဒချမှတ်ထားပြီးဖြစ်ကြောင်း၊ တိုက်ပွဲများအတွင်း လက်နက်ချအညံ့ခံသူများကို စစ်သုံ့ပမ်းအဖြစ် နိုင်ငံတကာဥပဒေများနှင့်အညီ ကောင်းမွန်စွာဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ဘက်ပြောင်းလိုသူများကိုလည်း ဘက်ပြောင်းရေးအစီအမံအရ လက်ရှိရာထူးရာခံများအတိုင်း တော်လှန်ရေး အစိုးရဘက် တွင် ပြန်လည် ထမ်းဆောင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်နီပြည်အတွင်းရှိ ခြေမြန်၊ ခြေလျင်နှင့် အမြောက်တပ်ရင်းများသည် နယ်မြေခံ တပ်ရင်းများဖြစ်သည့် အားလျော်စွာ ကရင်နီပြည်အတွင်း နှစ်ရှည်လများ မိမိတို့တပ်ရင်းများအတွင်း မိသားစုများနှင့်အတူ အခြေချနေထိုင်သူများဖြစ်သည့်အတွက် ကရင်နီပြည်သူများနှင့် အတူရပ်တည်ပြီး အာဏာရှင်အားဆန့်ကျင်ရန်နှင့် တပ်ရင်းအလိုက်၊ မိသားစုများအလိုက် ကရင်နီပြည်သူ့ဘက်သို့ ဘက်ပြောင်းရန် အထူးတိုက်တွန်းထားသည်။

#RedNewsAgency

By Editor