စစ်တပ်အသည်းအသန်ခုခံနေရတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်-ချင်းလမ်းကြောင်း

“AA ဟာ ရှင်းဝစခန်းကို ဝင်ရောက်တိုက်ခိုက်နေပါပြီ။ ပလက်ဝမှာဆိုရင်လည်း တပ်ရင်းကတစ်ရင်းပဲ ရှိပါတယ်။ နောက်ဆုံးမှာ မီးဝဗျူဟာကုန်းကို AA က ရသွားရင်တော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပြင်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ကိုပါ ဆက်သွယ်နိုင်မယ့်လမ်းကြောင်းကို စိုးမိုးနိုင်တော့မှာ”

လှဆောင်

မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်မှာ စစ်တပ်အတွက် အရေးကြီးတဲ့ နေရာ ၅ ခု ရှိပါတယ်။အဲဒါတွေကတော့ ကုလားတန်မြစ်ဘေးက တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်း၊ ရှင်းဝစခန်း၊ ပလက်ဝမြို့နဲ့ မီးဝဗျူဟာကုန်းတို့ ဖြစ်ပါတယ်။

အဲဒီနေရာ ၄ ခုလုံးဟာ ကုလားတန်မြစ်ဘေးတလျှောက်မှာ တည်ရှိနေတာဖြစ်ပြီး အိန္ဒိယ-ရခိုင်ပြည်နယ်-ချင်းပြည်နယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာပါ။

ကုလားတန်ဘက်စုံစီမံကိန်းကိုတော့ ဦးသိန်းစိန်အစိုးရမတိုင်ခင်ကတည်းက နှစ်နိုင်ငံ အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အခုအချိန် စစ်တွေက နိုင်ငံတကာသင်္ဘောတွေဆိုက်ကပ်နိုင်တဲ့ ဆိမ်ကမ်းဟာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပါပြီ။ အဲဒီကုန်သွယ်ရေးလမ်းကြောင်းဟာ အိန္ဒိယနိုင်ငံအတွက် အရေးကြီးသလို ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တိုးတက်ဖို့အတွက်လည်း အရေးပါတဲ့ဒေသဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရတုန်းက အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး နှစ်နိုင်ငံခွဲထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ဟာ ဒေသနှစ်ခုအဖြစ်ကွဲထွက်ပြီး အိန္ဒိယနိုင်ငံကိုခွသွားတဲ့ ပုံစံမျိုးဖြစ်တာကြောင့် နှစ်နိုင်ငံလုံးဟာ နှစ်ပိုင်းဆီကွဲသွားခဲ့ပါတယ်။

အိန္ဒိယရဲ့ အရှေ့ဘက်အခြမ်းဟာ အခု ချင်းပြည်နယ်နဲ့ စပ်ဆက်တဲ့နေရာတစ်ခုဖြစ်လာပြီး ကုန်းတွင်းပိတ်ဒေသ ဖြစ်သွားပါတယ်။ အဲဒီနေရာနဲ့ ဆက်စပ်နေတဲ့ ပါကစ္စတန်အပိုင်းကတော့ ပင်လယ်ထွက်ပေါက်ရှိပြီး နောက်ပိုင်းမှာ ပါကစ္စတန်ဆီကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် ခွဲထွက်သွားပါတယ်။

ဆိုတော့ အိန္ဒိယနိုင်ငံရဲ့ အရှေ့ခြမ်းဟာ လွတ်လပ်ရေးရကတည်းက ကုန်းတွင်းပိတ်ဒေသတစ်ခုဖြစ်နေတာကြောင့် အဲဒီဒေ့သအတွက် ပင်လယ်ထွက်ပေါက်ရရေးဟာ အရေးကြီးပါတယ်။ ဒါကြောင့်လည်း ပင်လယ်ထွက်ပေါက်နဲ့ ဆက်သွယ်နိုင်မယ့် ကုလားတန်မြစ်ကြောင်းတလျှောက်ကို ဘက်စုံစီမံကိန်းအဖြစ် အကောင်အထည်ဖော်နေကြတာပါ။

အဲဒီ အရေးကြီးတဲ့လမ်းကြောမှာရှိတဲ့ စစ်တပ်ရဲ့ “တရွန်အိုင်” နဲ့ “နှုံးဘူး” ဟာ အခုတော့ ရက္ခိုင့်တပ်တော် (AA) လက်ထဲကိုရောက်သွားပါပြီ။ အဲဒီစခန်းတွေကိုတော့ AA က ရက်ပေါင်း ၂၀ ကျော် တစ်လနီးပါး တိုက်ခိုက်ခဲ့ရတာဖြစ်ပြီး စစ်တပ်ကလည်း ကုန်းကြောင်းကရော လေကြောင်းကပါ အသည်းအသန် ခုခံခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ AA က သိမ်းပိုက်သွားပါပြီ။

အဲဒီစခန်းနှစ်ခုဟာ ကုလားတန်မြစ်ရဲ့ အထက်ပိုင်းမှာဖြစ်ပြီး အလယ်မှာ “ရှင်းလက်ဝ” စခန်း၊ အောက်မှာ ပလက်ဝမြို့နဲ့ မီးဝဗျူဟာကုန်းပဲ ကျန်ပါတော့တယ်။

အခုတော့ AA ဟာ ရှင်းဝစခန်းကို ဝင်ရောက်တိုက်ခိုက်နေပါပြီ။ ပလက်ဝမှာဆိုရင်လည်း တပ်ရင်းကတစ်ရင်းပဲ ရှိပါတယ်။ နောက်ဆုံးမှာ မီးဝဗျူဟာကုန်းကို AA က ရသွားရင်တော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပြင်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ကိုပါ ဆက်သွယ်နိုင်မယ့်လမ်းကြောင်းကို စိုးမိုးနိုင်တော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ မီးဝဗျူဟာကုန်းဟာ စစ်တပ်ရဲ့ အခိုင်အမာစခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီ မီးဝဗျူဟာကုန်းကို ၂၀၂၀ နှစ်ဆန်းပိုင်းတုန်းက ရက်ပေါင်း ၄၀ ကျော်ကြာအောင် AA က တိုက်ခိုက်ခဲ့ပေမဲ့ အပြီးသတ်မရရှိခဲ့ပါဘူး။

တကယ်လို့ မီးဝဗျူဟာကုန်းသာကျသွားရင်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ AA တို့ အလုံးစုံထိန်းချုပ်နိုင်တဲ့ ဒေသဖြစ်သွားမှာပါ။ ဒီတစ်ခါတော့ ၂၀၂၀ တုန်းက မအောင်မြင်ခဲ့တဲ့ အလုပ်တစ်ခုကို AA က ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာကိုပဲ စောင့်ကြည့်ရတာမှာပါ။ ဒီကိစ္စမှာ ပေးဆပ်မှုတွေရှိမယ်ဆိုတာကတော့ ၉၀ ရာခိုင်နှုန်းလောက်အသေအချာပါပဲ။ ဘာကြောင့်လည်းဆိုတော့ စစ်တပ်ဟာ မီးဝဗျူဟာကုန်းကနေ စခန်းစွန့်မယ့်အနေအထား မတွေ့ရသေးလို့ပါ။

ဒါပေမဲ့ ၂၀၂၀ တုန်းက တခြားဒေသမှာရှိတဲ့ လူထုထောက်ခံမှုကိုမရတဲ့ အချိန်မျိုးမှာတောင် AA ဟာ အဲဒီစခန်းကို တက်သိမ်းဖို့အထိလုပ်ခဲ့ပြီး လူထုထောက်ခံမှုရထားတယ်ဆိုတဲ့ စစ်တပ်ကတော့ အသည်းအသန်ခုခံကာကွယ်ခဲ့ရပြီး ဆုံးရှုံးမှုတွေ များပြားခဲ့ပါတယ်။ အခုအချိန်မှာတော့ AA ဟာ နွေဦးတော်လှန်ရေးမှာ တိတ်တဆိတ်ပါဝင်နေတာက ၁၀၂၇ စစ်ဆင်ရေးမှာ တရားဝင်ပါဝင်လာတဲ့အတွက် လူထုထောက်ခံမှုလည်းအပြည့်အဝရှိနေပါပြီ။

အဲဒီလမ်းကြောင်းကိုသာ AA က စိုးမိုးနိုင်ခဲ့ရင်တော့ နိုင်ငံတကာဆက်ဆံရေးအပြင်၊ နယ်စပ်ကုန်သွယ်ရေး၊ နယ်မြေထိန်းချုပ်နိုင်မှုနဲ့ တော်လှန်ရေးအတွက် အရေးကြီးမယ့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဒေသဖြစ်လာမယ်ဆိုတာကတော့ မလွဲမသွေပါဘဲ။ AA အောင်မြင်ပါစေ ။ ။

#RedNewsAgency

By Editor