ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက်၊ စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းမှ စစ်ကောင်စီလက်အောက်ခံများ လက်နက်ချအညံ့မခံသည့်အတွက် နိုဝင်ဘာ ၁၈ ရက်နေ့ကစတင်တိုက်ခိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော်-AA ရဲဘော်များက အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ်များဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်နိုင်ခဲ့သော်လည်း ရက္ခိုင်ဒေသစစ်မျက်နှာ၌ ၁၀၂၇ စစ်ဆင်ရေးကို နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့သည့်အတွက် ယနေ့ ( နိုဝင်ဘာ ၂၂ ရက်) သည် ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ရက္ခိုင်ဒေသ စစ်မျက်နှာ၌ ၁၀ ရက်အတွင်း ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်း နှင့် “ချိန်ခါလီ”နယ်ခြားစောင့် တပ်စခန်း၊ မောင်တောအခြေစိုက် “ဒုံးညို”နယ်ခြားစောင့်တပ်စခန်း၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ “ခထီးလှ” တပ်စခန်းတို့အား အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောာက်ခံများ စွန့်လွှတ်သွားသော စခန်း ၄၀ ကျော်ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်ဟု AA က ယနေ့ ထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်မာ အထိုင်ချ နေရာယူထားသော “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” နှစ်ခုအား နိုဝင်ဘာလ (၁၄) ရက်နေ့မှ စတင်ကာ ယနေ့အချိန် ( ၉ ရက်မြောက်) အထိ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ယင်းဗျူဟာကို စစ်ကောင်စီမှ လေကြောင်းထောက်ပို့ပစ္စည်းအချို့ကိုလည်း AA ရဲဘော်များက သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ယမန်နေ့က ပေါက်တောမြို့အတွင်း စစ်ကောင်စီမှ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် ပြည်သူ ၁၀၀ ခန့်ကိုAA ရဲဘော်များ ကယ်ထုတ်နိုင်ခဲ့ပြီး ယနေ့တွင်လည်း ကျန်ရှိနေသူများ ကယ်ထုတ်နိုင်ရေး တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ လမ်းသုံးခွဆုံအနီး၌လည်း စစ်ကောင်စီ၏ ထီးချိုင့်အခြေစိုက် ခမရ (၃၆၇) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ နိုဝင်ဘာလ (၂၁) ရက်နေ့ နေ့လယ် (၁၂) နာရီ (၁၅) မိနစ်မှစတင်ကာ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor