ခလရ ၂၆၈ လက်အောက်ခံ ထင်းရှူးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေး

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ လက်အောက်ခံ ထင်းရှုးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေးသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် လူသားဒိုင်းကာအဖြစ် အသုံးချနိုင်သောကြောင့် ဖလမ်း-ကလေးလမ်းမကြီးအား လုံးဝအသုံးမပြုရန် Chin National Organizationမှ ယနေ့ နံနက်တွင် သတိပေးထားသည်။

Operation 1027 မှအစပြုပြီး ပြည်ထောင်စုတဝန်းလုံး စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- CNDF အနေဖြင့် CNDF Special Operation (အထူးစစ်ဆင်ရေး) ကိုမဟာဗျူဟာကျကျရေးဆွဲပြီး စခန်းသိမ်းတိုက်ပွဲများကို မဟာမိတ်များနှင့်ပူးပေါင်းကာ ဖော်ဆောင်နေသည်။

CNDF၊ SR2၊ TDA၊ RCDF၊ ABSDF နှင့် တမူးခရိုင်တပ်ရင်း (MOD) ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၅ ရက်နေ့က ခမ်းပတ်မြို့ရဲစခန်းကို သိမ်းပိုက်ခဲ့ကြောင်း၊ ခမ်းပတ်မြို့တွင်းရှိ ခလရ ၂၈၈ တပ်စခန်းကို နိုဝင်ဘာ ၇ ရက်နေ့တွင်လည်းကောင်း၊ နိုဝင်ဘာ ၃ ရက်နေ့က CNDF၊ RKDF၊ SR၊ ကလေးမြို့နယ် ပကဖနှင့် ကလေးခရိုင်တပ်ရင်းများ ပူးပေါင်းပြီး မြောက်စည်ရဲစခန်းသိမ်းတိုက်ပွဲကိုလည်းကောင်း၊ နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း မဟာမိတ်များနှင့် ပူးပေါင်းပြီး သီးဘွလ်တပ်စခန်းသိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲနိုင်ခဲ့သည်ဟု Chin National Organization ကထုတ်ပြန်ထားသည်။

 

ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို နေ့စဉ်နီးပါး တိုက်ခိုက်နေကြသည့်အတွက် စစ်ကောင်စီလက်အောက်ခံများသည် စခန်းစွန့်ခွါထွက်ပြေးခြင်း၊ စခန်းသိမ်းခံရခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။

#RedNewsAgency

By Editor