ယနေ့ ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ တိုက်ပွဲ (၅) နေရာဖြစ်

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၃ ခုနှစ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်တို့ရှိ (၅) နေရာတွင် စစ်ကောင်စီတပ်စခန်းနှင့် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များကို ရက္ခိုင့်တပ်တော် -AA က ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံများကို ရက္ခိုင့်တပ်တော်က ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီးတွင် နံနက် (၅) နာရီ (၃၀) မိနစ်ခန့်မှစတင်၍ လည်းကောင်း၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ၁၁.၅ ကီလိုမီတာအကွာ ဒုံးပိုက်ကျေးရွာအနီးတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။

မောင်တောမြို့နယ်၊ မီးတိုက်နှင့် သင်္ဘောလှရွာအနီးလည်းကောင်း၊ မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာ၏ အရှေ့မြောက်ဖက် (၁၁၀၀) မီတာအကွာ ရန်ကုန်-စစ်တွေ ကားလမ်းမထက်နှင့် ပန်းမြောင်းရွာ၏ အရှေ့မြောက် ၅.၇ ကီလိုမီတာအကွာ မင်းပြား – မြောက်ဦးမြို့နယ်ကြားတို့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ – MNDAA + TNLA + AA က “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများအတွင်း ထည့်သွင်း ကြေညာထားသည်။

ရခိုင်ပြည်နယ်အတွင်း ယနေ့ဖြစ်ပွါးခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ အသေအဆုံးနှင့် အရှမ်ဖမ်းဆီးရမိသူ လက်နက်ချ အညံ့ခံသူများရှိကြောင်း၊ တိုက်ပွဲဖြစ်ပွါးမှုမရှိသည့် ကျောက်တော်မြို့နယ်တွင်လည်း စစ်ကောင်စီလက်အောက်ခံများ လက်နက်ချသူများရှိသည်ဟု ဒေသတွင်း သတင်းများအရ သိရသော်လည်း ရက္ခိုင့်တပ်တော်မှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း၊ ရက္ခိုင့်တပ်တော်သည် KIA နှင့် ပူးပေါင်းပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲဝင်နေကြောင်း သိရသည်။

ယမန်နေ့ ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်း၌လည်း ရက္ခိုင့်တပ်တော် (AA) သည် ညီနောင်မဟာမိတ်များနှင့်အတူတာဝန်ယူရသည့်အပိုင်းမှ အကောင်းဆုံးအနေအထားဖြင့် တာဝန်ယူခဲ့ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်၊ ကိုးကန့် အထူးဒေသ (၁)၊ ချင်းရွှေဟော်မှ စတင်ခဲ့ပြီး ယခုအချိန်တွင် ကချင်ပြည်၊ ကရင်နီပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း အပါအဝင် အခြားသောနေရာများ၌လည်း စစ်ဆင်ရေးဓာတ်ကူးခဲ့ပြီဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး အခြားသော တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီလိုက်လျောညီထွေစွာ အမြန်ဆုံး ဆက်စပ်တိုက်ပွဲဝင်နိုင်ကြရန် လိုအပ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး၏ အခြေအနေ၊ ရလဒ်များကို စောင့်ကြည့်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း ယခုအချိန်သင့်၊ အခွင့်အခါသင့်သော ကာလဖြစ်သည့်အလျောက် အမြန်ဆုံးဟန်ချက်ညီတိုက်ပွဲဝင်ကြရန် ညီနောင်မဟာမိတ် (၃) ဖွဲ့က အထူးအလေးအနက်တိုက်တွန်းထားသည်။

#RedNewsAgency

By RNA Editor