ပြည်သူ့ကျိန်စာမိသွားလေသော စစ်ကောင်စီတပ်

“ကွမ်းလုံရက်လေးဆယ်တိုက်ပွဲဟာ ၁၉၇၁ ခုနစ်က ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ စစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး ထိုတိုက်ပွဲမှာ စစ်တပ်ဟာအနိုင်ရရှိခဲ့ပါတယ်။ ထိုအနိုင်ရရှိမှုကိုပဲ စစ်တပ်ဟာ အမြဲတစေ ထုတ်ဖော်ပြောကြားလေ့ရှိပြီး မြန်မာစစ်တပ်က မလုပ်နိုင်တာဘာမှမရှိကြောင်းနဲ့ ရှမ်းမြောက်တခွင်ဟာ စစ်တပ်ရဲ့အောင်မြေဖြစ်ကြောင်း အမြဲပြောလေ့ရှိပါတယ်”

ချမ်းမင်း

ဒီရက်ပိုင်း တော်လှန်ရေးနဲ့ပတ်သတ်တဲ့ သတင်းကောင်းတွေအတော်များများ လှုပ်လှုပ်ခတ်ခတ်နဲ့ social media ပေါ်မှာ တွေ့လာရပါတယ်။ မြောက်ပိုင်းစစ်ဒေသက အဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေအကြောင်းတွေ့ရသလို အညာမြေစစ်ကိုင်းဘက်က တော်လှန်ရေးအဖွဲ့တွေရဲ့ အောင်ပွဲတွေအကြောင်းလည်းကြားလာရပါတယ်။

နောက်တခုက စစ်တပ်ရဲ့ နိုင်ငံခြားငွေအဓိကအားကိုးရာ MOGE ကိုလည်း အမေရိကန်က ထပ်တိုးပြစ်ဒဏ်တွေချမှတ်ပြီး စစ်တပ်ကို ပိုမိုအားနည်းအောင်ဆောင်ရွက်လာနိုင်တာကိုလည်းတွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့နွေဦးတော်လှန်ရေးဟာ အစောပိုင်းကာလတုန်းက ဆုံးရှုံးမှုတွေပေးဆပ်မှုတွေများစွာနဲ့ ထိရောက်တဲ့အောင်မြင်မှုတွေမရခဲ့ဘူးဆိုပေမဲ့ ယခုအချိန်မှာတော့ စစ်ကောင်စီကို ကောင်းကောင်းကြီးခြိမ်းခြောက်ထားနိုင်တဲ့ အခြေအနေကိုရောက်နေပြီး အောင်မြင်မှုရဲ့ လက်တစ်ကမ်းကိုရောက်နေပြီလို့လည်း သတ်မှတ်ရမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက စတင်လိုက်တဲ့ တိုက်ပွဲတွေနောက်ပိုင်း နိုင်ငံအနှံ့တော်လှန်ရေးတပ်ဖွဲ့တွေဟာ အရှိန်အဟုန်နဲ့ စစ်တပ်ကိုအရင်ကထက် ပိုမိုဖိအားပေးတိုက်ခိုက်လာတာတွေ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၁၆ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မှာတော့ စစ်တပ်ရဲ့သမိုင်းတစ်လျှောက် အစဥ်အဆက် ဂုဏ်ယူဝံ့ကြွားစွာဖြင့်ထုတ်ဖော်ပြောကြားလေ့ရှိတဲ့ ကွမ်လုံရက်၄၀ တိုက်ပွဲဖြစ်ပွားရာ ကွမ်းလုံမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အပြီးသတ်သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းဓာတ်ပုံတွေနဲ့ထုတ်ပြန်လိုက်ပါတယ်။

ဓာတ်ပုံ – Kokang ကွမ်းလုံမြို့သိမ်းတိုက်ပွဲ မြင်ကွင်း

ကွမ်းလုံရက်လေးဆယ်တိုက်ပွဲဟာ ၁၉၇၁ ခုနစ်က ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ စစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး ထိုတိုက်ပွဲမှာ စစ်တပ်ဟာအနိုင်ရရှိခဲ့ပါတယ်။ ထိုအနိုင်ရရှိမှုကိုပဲ စစ်တပ်ဟာ အမြဲတစေ ထုတ်ဖော်ပြောကြားလေ့ရှိပြီး မြန်မာစစ်တပ်က မလုပ်နိုင်တာဘာမှမရှိကြောင်းနဲ့ ရှမ်းမြောက်တခွင်ဟာ စစ်တပ်ရဲ့အောင်မြေဖြစ်ကြောင်း အမြဲပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ယခုအချိန်မှာတော့ အဲ့ဒီလို စစ်တပ်ရဲ့ စစ်မာန်ထမှုကို တော်လှန်ရေးတပ်ဖွဲ့တွေက ကွမ်လုံမြို့ကို သိမ်းပိုက်ကာ ရိုက်ချိုးပြလိုက်နိုင်ပြီလို့ ဆိုနိုင်ပါတယ်။

ကွမ်းလုံမြို့ဟာ ကိုးကန့်ဒေသကို တောင်ဘက်က ဝင်ရောက်နိုင်တဲ့ ဒေသဖြစ်တဲ့အပြင် နယ်စပ်ကုန်သွယ်ရေးအရ အချက်အခြာကျတဲ့ နေရာမှာတည်ရှိနေပါတယ်။ ဒါကြောင့်ပဲ စစ်တပ်ဟာ ကွမ်လုံမြို့ကို အခြေချ စစ်ဗျူဟာတခု (တပ်ရင်း ၃) ရင်းနဲ့ အခြားသော လက်ရုံးတပ်များစွာဖြင့် တည်ထားတာ အခိုင်အမာ ခံစစ်နေရာအဖြစ် ပုံဖော်ပြီး ဆယ်စုနှစ်များစွာတပ်စွဲထားခြင်းပဲ ဖြစ်တယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက် ပုံတွေအရဆိုရင် အခြေချ စစ်ဗျူဟာ အပါအဝင် သံချပ်ကာ (၃) စီး၊ ၁၂၂ မမ အတွဲလိုက်ဒုံး၊ အတွဲလိုက်ဒုံး ဒုံးကျည်၊ ၁၀ မိုင်ထိ ပစ်ခတ်နိုင်တဲ့ D-30 ဟောင်ဝစ်ဇာအမြောက်၊ လေယာဥ်ပါ ပစ်နိုင်တဲ့ ပွိုင့်ဖိုက် စက်သေနတ်ကြီး နဲ့ တခြား လက်နက်ငယ်မျိုးစုံ၊ ခဲယမ်းမျိုးစုံ နဲ့ စစ်ယာဥ်မျိုးစုံ သိမ်းယူနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ – Kokang ကွမ်းလုံမြို့သိမ်းတိုက်ပွဲ မြင်ကွင်း

အရင်က KIAနဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်တပ်အနေနဲ့ တပ်ရင်းအဆင့် ဌာနချုပ်တွေ ကျဆုံးခဲ့ဖူးပေမယ့် အခုလိုအခြေချ စစ်ဗျူဟာ တခုလုံးကျဆုံးသွားရတဲ့ ဖြစ်စဥ်တွေတော့တစ်ခါမှ မရှိခဲ့ဖူးသေးပါဘူး။ ဒါ့အပြင် သံချပ်ကာယာဥ်၊ အတွဲလိုက်ဒုံး၊ အမြောက်ကြီးများ ရှိပါလျက်နဲ့ ယခုလို ခံတပ်မြို့သဖွယ်တည်ထားတဲ့ ကွမ်လုံမြို့ကျဆင်းသွားရတာကိုကြည့်ရင် စစ်ကောင်စီတပ်သားတွေရဲ့တိုက်စွမ်းရည်ကျဆင်းနေတာကိုကောင်းကောင်းကြီးမြင်နိုင်ပါတယ်။

ညီနောင်မဟာမိတ်တွေအနေနဲ့ ကွမ်းလုံမြို့ကို ရရှိလိုက်တာဟာ စစ်ရေးအရ အမြတ်များစွာရရှိသလို စစ်ကောင်စီတပ်သားတွေရဲ့စိတ်ဓာတ်ကိုရိုက်ချိူးပစ်လိုက်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးအရလည်း အတော်လေးအမြတ်ထွက်သွားတယ်လို့ဆိုနိုင်ပါတယ်။

လက်နက်ရှိလျှင် တိုင်းပြည်ကို အုပ်ချုပ်လို့ရပြီလို့ အမြဲတစေထင်နေကြတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့အတွေးအခေါ်တွေမှားယွင်းနေကြောင်းကို ဒီနွေဦးတော်လှန်ရေးမှာ ကျတော်တို့တွေဟာကောင်းကောင်းကြီး သက်သေပြထားနိုင်နေပြီလို့ဆိုနိုင်ပါတယ်။

ဓာတ်ပုံ – Kokang ကွမ်းလုံမြို့သိမ်းတိုက်ပွဲ မြင်ကွင်း

စစ်ခွေးနိဂုံး၂၃ ဆိုပြီးတစ်လျှောက်လုံး ကျွန်တော်တို့ကြွေးကြော်ခဲ့တဲ့ ကြွေးကြော်သံတွေအတိုင်း ၂၀၂၃ ခုနှစ် နှစ်ကုန်ခါနီးလာလေ တိုက်ပွဲတွေကပိုပြင်းထန်လာလေ ဖြစ်လာတော့မှာမို့ ပြည်သူတွေလည်း သတိကြီးကြီးထားပြီး တော်လှန်ရေးအဖွဲ့တွေအပေါ် ဒီထပ်ပို အားစိုက်ကူညီပေးသင့်ပါတယ်။

#RedNewsAgency

By Editor