မသာမယာမျက်နှာပေးတွေနဲ့ အမည်ခံ ကာလုံအစည်းအဝေး ဘာထူးလဲ

“စစ်ခေါင်းဆောင်လုပ်ပြီ သူတို့က ဘယ်လိုတစ်ပြိုင်တည်း ဘယ်လို ထိုးဖောက်တိုက်ခိုက်တာတို့  ဆက်သွယ်ရေးလမ်းကြောင်းကို ဘယ်လိုဖြတ်တောက်တာတို့ အမည်ခံကာလုံအစည်းအဝေးမှာ တင်ပြနေတော့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ရေးဗျူဟာ မဟာဗျူဟာတွေအပေါ် အတော်အံ့သြနေပုံပဲ”

ငြိမ်းမောင်

စစ်ဆင်ရေး ၁၀၂၇ (Operation 1027) အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်မှုတိုက်ပွဲတွေ အရှိန်အဟုန်မြှင့်တက်နေပြီး အကြမ်းဖက်စစ်ကောင်စီ တပ်အရှုံးများစွာနဲ့ ရင်ဆိုင်နေရချိန်မှာ နေပြည်တော်က ထိုင်ခုံပေါ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အောက်တိုဘာ ၈ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအမည်ခံ ကာလုံအစည်းအဝေး လုပ်ခဲ့တယ်။

ဒီပွဲကို ယာယီသမ္မတဆိုသူ ရုပ်​သေး မြင့်ဆွေ၊ ဒုသမ္မတဆိုသူ ဟင်နရီဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမည်ခံ တီခွန်မြတ်တို့တက်ရောက်ခဲ့ပြီး ဒုစစ်ခေါင်းဆောင်စိုးဝင်း ၊ကာကွယ်ရေးဝန်ကြီးဆိုသူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြား ရေးဝန်ကြီးဆိုသူသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဆိုသူဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ စစ်ကောင်စီအတွင်းရေးမှူးဆိုသူ အောင်လင်းဒွေး၊ တွဲဖက်အ တွင်းရေးမှူးဆိုသူ ရဲဝင်းဦးနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့တာတွေ့ရပါတယ်။

ဒီပွဲမှာ မင်းအောင်လှိုင်က အခုဖြစ်ပွားနေတဲ့  ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖြစ်စဉ်တွေကို စာရွက်ကြည့်ပြီး ရှင်းပြခဲ့တယ်။ အောက်တိုဘာ ၂၇ ရက်မှာ လောက်ကိုင်ဒေသ၊ ချင်းရွှေဟော်ကို အဓိကထားပြီး  MNDAA အဖွဲ့များက တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဟာ သာမန်အားဖြင့် MNDAA က တိုက်ခိုက်ခြင်းဖြစ်သော်လည်း သမိုင်းအရ ဆက်စပ်မှုများရှိတယ်လို့ ဆိုတယ်။

၂၀၀၉ ခုနှစ်ကနေစလို့ လွန်လေပြီးသောကာလက အကြောင်းတွေ မင်းအောင်လှိုင် စမြုပ်ပြန် ချေးခြောက်ရေနှူးစကားဆိုတယ်။ နိုင်ငံအဝှမ်း ဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင်ကိုအမြစ်ပြတ်ချေမှုန်းရေး ခုခံတော်လှန်မှုတိုက်ပွဲတွေနဲ့ စစ်ဆင်ရေး ၁၀၂၇ တိုက်ပွဲတွေကိုခွဲပြီး မြင်နေပုံရတယ်။ ခွဲခြားပြီးလည်း ပြောနေတာသတိထားမိတယ်။

မင်းအောင်လှိုင်က အဓိကပြောနေတာကတော့ လောက်ကိုင်မြို့ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့ဖြစ်လို့ MNDAA အဖွဲ့အနေနဲ့ ၎င်းတို့ရဲ့ ဩဇာအာဏာကို ပြန်လည်တည်ဆောက်နိုင်ဖို့ အခုလိုတိုက်ခိုက်တာပါတဲ့။ ဒီလို တိုက်ခိုက်ဖို့ကိုလည်း ၂၀၂၂ ခုနှစ်စပြီး ကြိုတင်ပြင်ဆင်ခဲ့တာလို့ ဆိုတယ်။ ကြိုတင်နေတယ်ဆိုရင် ခုံခံစစ်ပြင်လေ၊ သတင်းကြိုရထားခဲ့တာတောင် အောက်ခြေ လက်အောက်ခံတွေကို ထိုးကြွေးခဲ့ပြီးတော့မှ အခုကျမှ ကိုယ့်အပြစ်ကို ကိုယ်ဝန်မခံ စီမံညံ့ဖျင်းမှုကို ဖုံးကွယ်ပြီး ရှေးသရော အခါအကြောင်းတွေနဲ့မဆိုင်တာတွေ အရည်မရအဖတ် တက်ပြောနေသေးတယ်။

MNDAA က သူ့ဖာသာ ဘာရရေး ညာရရေးပဲဖြစ်ဖြစ် အဲ့ဒါ မင်းအောင်လှိုင်ရဲ့ အလုပ်မဟုတ်ပါ။ လက်ရှိမှာက မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အပါအဝင်တော်လှန်ရေးတပ်ဖွဲ့အသီးသီးဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ထုတ်နေတာဖြစ်တယ်၊ အဓိက စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ တူညီတဲ့ ပန်းတိုင်ဆီကို ချီတက်နေကြတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အမည်ခံကာလုံအစည်းအဝေးမှာလည်း NCA ကို ကိုင်ထားတုန်း၊ NCA လမ်းကြောင်းပေါ်လျှောက်လှမ်းဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ထားကြောင်း၊ ဒါပေမယ့် MNDAA အနေနဲ့  “ဝ” နယ်မြေအတွင်းမှာ ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီး အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း၊ လောက်ကိုင်ဒေသနဲ့ ချင်းရွှေဟော်ဒေသရမှာရှိတဲ့ လုံခြုံရေးစခန်းတွေဟာ စစ်ဆင်ရေးစခန်းများမဟုတ်ဘဲ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့  စခန်းများသာဖြစ်တယ်လို့ ပြောသွားပါတယ်။

နယ်မြေလုံခြုံရေးပဲလုပ်လုပ်၊ စစ်ဆင်ရေးစခန်းလို့ပဲဆိုတာ အဲဒါတွေဟာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုရဲ့အတ္တအကျိုးစီးပွားကိုကာကွယ်ပေးနေတဲ့ အကြမ်းဖက်စစ်တပ်တွေ စစ်စခန်းတွေပဲ၊ စကားလုံးအသုံးအနှုန်းတွေ အငြင်း ပွားမှုတွေရှုပ်အောင် မင်းအောင်လှိုင် အရမ်းပြောတယ်။ စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းနေတာ စကားလုံး အသုံးအနှုန်းတွေနဲ့ စကားစစ်ထိုးမနေနဲ့လေ။ ဒါဟာ လက်အောက်ငယ်သားတွေ သေနေတာကို စစ်ခေါင်းဆောင်လုပ်ပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးဆိုတာ ပြတာပါပဲ။

ပြီးတော့ ပြောပါသေးတယ်၊ Drone တွေသုံးပြီး တိုက်လို့တဲ့၊ အကြမ်းဖက်စစ်ကောင်စီတပ်တွေတောင် စစ်ရေးပစ်မှတ် မဟုတ်တဲ့အရပ်သားပြည်သူနေထိုင်နေရာတွေ နေအိမ်အဆောက်အဦတွေအပေါ် လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာ၊ဝေဟင်ကနေ လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်နေတာပဲ။ အခုက အကြမ်းဖက် စစ်ကောင်စီတပ်နေရာတွေကို တိုက်တာလေ။ သိပ်ကြောက်နေပြီ မဟုတ်လား ဒရုန်းစစ်ဆင်ရေးအစွမ်း အံ့မခန်းဆင်နွှဲနေတာတွေ အထိနာနေကြပြီ မဟုတ်လား၊ လာအုံးမယ် အဆင့်မြင့် ဒရုန်းတွေ တစ်စင်းပြီး တစ်စင်းလာပါအုံးမယ်။

စစ်ခေါင်းဆောင်လုပ်ပြီ သူတို့က ဘယ်လိုတစ်ပြိုင်တည်း ဘယ်လို ထိုးဖောက်တိုက်ခိုက်တာတို့  ဆက်သွယ်ရေးလမ်းကြောင်းကို ဘယ်လိုဖြတ်တောက်တာတို့ အမည်ခံကာလုံအစည်းအဝေးမှာ တင်ပြနေတော့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ရေးဗျူဟာ မဟာဗျူဟာတွေအပေါ် အတော်အံ့သြနေပုံပဲ။

တစ်ဖက်အဖွဲ့တွေက ထိခိုက် ကျဆုံးမှုများသတဲ့၊ စစ်လော်ဘီ ဘောမချန်နယ်တွေကြည့်ပြီး ပြောနေတာဖြစ်မယ်။ အကြမ်းဖက်စစ်သားတွေ အတုန်းအရုန်း သေတာ အောက်ကနေ မတင်ပြကြဘူးလား၊ လေယာဥ်ပစ်ကူပေးပါ အသံဖိုင်လေးရော မင်းအောင်လှိုင် နားမထောင်ရသေးတာလား။ သွေးရူး သွေးတန်းတွေနဲ့ ဂယောင်ဂရမ်းတွေ လျှောက်ပြောနေတယ်။

စစ်လော်ဘီတွေတစ်သိုက်ရဲ့ စစ်အုပ်စုအသုံးမကျပုံတွေ ဝေဖန်ပြောနေတာတွေ သိပြီးပြီးလား၊ နေပြည်တော်မှာနေ ဘုရားကျောင်းတက်မပျက် စားပွဲနေရာထိုင်ခုံနေရာကမထပဲ မြေပြင်အခြေအနေအမှန်မသိတော့ အခုဘာတဲ့တုန်း “နည်းနည်းပါးပါးလည်း အောက်ကိုငုံ့ကြည့်သင့်ပါပြီ” စစ်လော်ဘီတွေ အော်နေကြပြီ။

ဒါကြောင့်လဲ အမည်ခံကာလုံအစည်းအဝေးလုပ်ခဲ့တယ်။ လိုအပ်တဲ့ ပြန်လည်တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ မင်းအောင်လှိုင်ပြောသွားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒီစကားပဲပြောခဲ့တယ်။ မလုပ်နိုင်လို့ လုပ်နိုင်စွမ်းမရှိလို့ မနိုင်တော့လို့ ပါးစပ်နဲ့ ခြိမ်းခြောက်နေတာဖြစ်တယ်။ ကျည်ဆံတွေ တရုတ်နိုင်ငံထဲကျလို့ ဖြေရှင်းနေရတယ်တဲ့။ အကြမ်းဖက် စစ်တပ်ကပဲ ရမ်းသမ်းပစ်နေတာ ကမ္ဘာသိပဲလေ၊ ရအောင်ရှင်းပေါ့လေ။

နောက်သူပြောတဲ့စကားတွေအရ မင်းအောင်လှိုင်က စစ်ခေါင်းဆောင်လုပ်ပြီး လေနဲ့ဝမ်း အခုထိ မကွဲသေးဘူး။ ရှမ်းပြည်နယ် (မြောက်ပိုင်း) က တိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး အတိုက်ခံရတော့ ဒါကို ပွဲလန့်တုန်းဖျာခင်းလို့ ပြောနေတယ်။ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး လုပ်နေပါတယ်ဆိုကာမှ ဘယ်ဟာကတော့ ငါ့ကိုဘာ့ကြောင့်တိုက်တာ၊ ဒီဟာကတော့ သူက ငါ့ကို မကျေနပ်လို့ လုပ်တာဆိုပြီး ခွဲခြားပြောနေတယ်။ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနဲ့ စစ်ဆင်ရေး ၁၀၂၇ ကို ကွဲပြားစေချင်ပုံရနေတယ်။ ၁၁၀၇ စစ်ဆင်ရေးအကြောင်း သူမသိသေးဘူး။

ကာလုံလို့သာဆိုတယ် အမည်ခံဆိုတဲ့အတိုင်း ဟန်ပြပါပဲ။ အကြမ်းဖက် တပ်သားတွေအတွက် အလှူခံနေရတဲ့အကြောင်းလည်း ပါလိုက်သေးတယ်။ပြည်သူကိုသတ်နေတဲ့ စစ်ခေါင်းဆောင်က ပြည်သူလူထုနဲ့ ပူးပေါင်းပြီး လက်တုံ့ပြန်မယ်တဲ့၊ လူထုက အကြမ်းဖက်စစ်တပ်ကို ရွံ့မုန်းနေကြတယ်ဆိုတာ မင်းအောင်လှိုင် မသိချင်ဆောင်ပြီး မျက်နှာလွဲခဲပစ်လိုက်တာပဲ။ ယာယီသမ္မတဆိုသူမြင့်ဆွေကလည်း တပ်က အခုလို မဆောင်ရွက်ရင် တိုင်းပြည်အစိတ်စိတ် အမွှာမွှာကွဲသွားနိုင်လို့ တပ်ကို တနိုင်ငံလုံးကထောက်ခံကြပါတဲ့၊ အသနားခံတဲ့ပုံစံနဲ့ပြောနေပြန်ပါတယ်။

အမည်ခံကာလုံအစည်း အဝေးတက်ရောက်လာတဲ့ သူတွေရဲ့ မျက်နှာဟာ မသာမယာမျက်နှာထားတွေနဲ့ပါပဲ။ ကာလုံဘာထူးလဲဆိုတော့ သူတို့ထုတ်ပြန်သလောက်ကတော့ ဘာမှမထူးဘူး။ အရည်မရအဖတ်မရ အကြောင်းအရာတွေပဲပြောသွားတယ်။ ကာလုံဆိုရင် မင်းအောင်လှိုင်သက်တမ်းတိုးဖို့ပဲ။ အခုကတော့ နိုင်ငံအဝှမ်းစစ်မျက်နှာဖွင့်နေရပြီး ဆိုးဆိုးဝါးဝါး အထိနာနေချိန် ရုတ်တရက်ထလုပ်လိုက်တဲ့ အမည်ခံ ကာလုံအစည်းအဝေးဆိုတာ  အကြမ်း ဖက်စစ်အုပ်စု ဘယ်လောက်အကြပ်အတည်း စိုက်နေပြီလဲဆိုတာ ပြသလိုက်တာဖြစ်ပါတယ်။ တစ်ခြား ထူးခြားမှုတစ်စုံတစ်ရာမှ မတွေ့ရပါဘူး။ ။

#RedNewsAgency

By Editor