ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရှိမွတ်စလင်များ ဆန္ဒဖော်ထုတ်

မောင်လူအေး(လှည်းတန်း)/အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။

ပါလက်စတိုင်းများကိုထောက်ခံသည့် ထိုင်းနိုင်ငံရှိ ရာချီသည့် မွတ်စလင်လူထုက ဘန်ကောက်ရှိ အစ္စရေးသံရုံးရှေ့မှာ စုဝေးကြပြီး  အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းစေဖို့နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ယနေ့ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သည်။

ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲကို ထိုင်းနိုင်ငံရှိ ရှီးယားမွတ်စလင်အဖွဲ့ခွဲခေါင်းဆောင် Syed Sulaiman Husaini က ဦးဆောင်ပြီး ဂါဇာကမ်းမြောင်မှာ အစွန်းရောက်လူမျိုးရေးခွဲခြားမှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြသည်။

ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံတခု ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ရသည့်ဖြစ်စဥ်နှင့် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများအတွက် ရှုတ်ချခဲ့ကြပြီး၊ စစ်ဘေးဒုက္ခသည်တွေအတွက် တက်ရောက်လာသည့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်များက ၁ မိနစ်ခန့် ငြိမ်သက်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

ဟားမတ်စ်အဖွဲ့က အောက်တိုဘာ ၇ ရက်‌နေ့က အစ္စရေးတောင်းပိုင်းကို အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ အရပ်သား ၁၄၀၀ ကျော် သေဆုံးခဲ့ကြောင်း၊ အစ္စရေးမှ လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ရာ ဂါဇာမှ အရပ်သား ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းများကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်သူများသည် အကြမ်းဖက်မှုများမလုပ်ကြပဲ ခံစားချက်များကို သင်္ကေတအဖြစ် အသုံးပြုခဲ့ကြကြောင်း၊ လွန်ခဲ့သည့် ၇၅ နှစ်က အဖြစ်ပျက်များအတွက် ရှုတ်ချခဲ့ပြီး မီဒီယာများ ” ပါးစပ်​တွေကို မပိတ်ကြပါနဲ့” ဟု မွတ်စလင်အဖွဲ့ခွဲခေါင်းဆောင် Syed Sulaiman Husaini က တိုက်တွန်းပြောဆိုခဲ့သည်။

ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားသည့် ထိုင်းအလုပ်သမားများကို ဒုက္ခပေးမှာမဟုတ်ကြောင်း၊ ” အစ္စရေးမဟုတ်တဲ့သူတွေဟာ ပါလက်စတိုင်းတွေရဲ့ ဧည့်သည်တွေပါ” ဟု ပြောဆိုပြီး ဟားမတ်စ်များက အမြန်ဆုံးပြန်လွှတ်ပေးမည်ဟု ၎င်းက ထပ်မံပြောဆိုခဲ့ကြောင်း၊ ဆန္ဒဖော်ထုတ်သူများကို  ရဲတပ်ဖွဲ့က အနီးကပ်စောင့်ကြည့်နေချိန်မှာ အစ္စရေးအလံကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Ref : The Nation Thailand

#RedNewsAgency

By Editor