အီရန်နိုင်ငံမှာ အမျိုးသမီးဂျာနယ်လစ် (၂) ဦး ထောင်ဒဏ် ၁၀ နှစ်ကျော်စီချမှတ်ခံရ

မောင်လူအေး (လှည်းတန်း)၊RNA_အောက်တိုဘာ(၂၄)၊၂၀၂၃ ခုနှစ်။

အီရန်နိုင်ငံမှာ အမျိုးသမီးဂျာနယ်လစ် Niloofar Hamedi နှင့် Elaheh Mohammadi တို့ကို အမေရိကန်အစိုးနှင့် ပူးပေါင်းခြင်း၊ နိုင်ငံတော်လုံခြုံရေးကိုဆန့်ကျင်ခြင်းတို့အတွက် အီရန်တော်လှန်ရေးတရားရုံးက ထောင်ဒဏ် (၁၃) နှစ် နှင့် (၁၂) နှစ် အမိန့်ချမှတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုကာ Niloofar Hamedi ကိုထောင်ဒဏ် ၇ နှစ်နှင့် Elaheh Mohammadi ကို ထောင်ဒဏ် ၆ နှစ်၊ နိုင်ငံတော်လုံခြုံရေးကို ဆန့်ကျင်သည့်အတွက်ဟုဆိုကာ ထောင်ဒဏ် ၅ နှစ်စီ၊ ဝါဒဖြန့်မှုအတွက် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရသည့်အတွက် Niloofar Hamedi ကို စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်နှင့် Elaheh Mohammadi ကို စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ကို အောက်တိုဘာလ ၂၂ ရက်နေ့က ချမှတ်ခံံံံခဲ့ရသည်။

၎င်းတို့နှစ်ဦး၏ အမှုများကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများကတော့ အီရန်တရားရုံး၏ စီရင်ချက်များကို ကန့်ကွက်ခဲ့ကြောင်း၊ အမိန့်ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး ရက်ပေါင်း ၂၀ အတွင်း အယူခံ ပြန်တင်နိုင်သည်ဟု သိရသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက အသက် ၂၂ နှစ် အရွယ် Mahsa Amini သည် အီရန်အမျိုးသမီးများ လိုက်နာရမည့် ဝတ်စားဆင်ယင်မှုပုံစံကို ချိုးဖောက််သည်ဟုဆိုကာ ရဲကဖမ်းဆီးထားစဉ် သေဆုံးသွားခဲ့သည့် အတွက် အီရန်နိုင်ငံတဝန်းဆန္ဒပြပွဲများဖြစ်ပွားခဲ့ကြောင်း၊ ယခု ထောင်ချခံလိုက်ရသည့် အမျိုးသမီး သတင်းသမားနှစ်ဦးသည် Mahsa Amini သေဆုံးရသည့် ဖြစ်စဉ်အတွင်း သတင်းရယူခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Niloofar Hamedi

အမျိုးသမီး ဂျာနယ်လစ်တစ်ဦးဖြစ်သည့် Niloofar Hamedi သည် အီရန်ရှိ နာမည်ကြီးပြုပြင်ပြောင်းလဲ သတင်းစာဖြစ်သည့် Shargh သတင်းစာတိုက်မှ သတင်းထောက်တစ်ဦးဖြစ်ကြောင်း၊ Hamedi သည် တီဟီရန်ဆေးရုံလိုက်သွားပြီ၊ Amini ၏ မိဘများက မေ့မြောနေသည့် သမီးကို ပွေ့ဖက်နေစဥ် ဓာတ်ပုံရိုက်ကူးခဲ့သည့် အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။

အမျိုးသမီး ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Elaheh Mohammadi သည်လည်းပြောင်းလဲရေးသတင်းများဖော်ပြနေသည့် Ham-Mihan သတင်းစာမှသတင်းထောက်ဖြစ်ကြောင်း၊ ဆန္ဒပြပွဲတွေစတင်သည့် ဇာတိမြေ Saqez မှာ သေဆုံးသွားသည့် Amini ရဲ့ စျာပနာအခမ်းအနား သတင်းသွားယူသည့် Mohammadi သည်၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်သည်။

Elaheh Mohammadi

အမေရိကန်နိုင်ငံက အမျိုးသမီးဂျာနယ်လစ် ၂ ဦး ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် ကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ “သူတို့ကို ဘယ်တော့မှ ထောင်မချသင့်ပါဘူး၊ အမိန့်စီရင်ချက်တွေကိုလဲ ရှုတ်ချပါတယ်။ အီရန်အစိုးရဟာ အမှန်တရားကို ကြောက်ရွံ့တဲ့အတွက် သတင်း ထောက်တွေကို ထောင်ချခဲ့တာ” ဟု အီရန်နိုင်ငံဆိုင်ရာ အမေရိကန် လက်ထောက်အထူးကိုယ်စားလှယ် Abram Paley က ဆိုရှယ်မီဒီယာမှတဆင့် ပြောကြားခဲ့သည်။

အမိန့်စီရင်ချက်ချမှတ်ခံရသည့် အမျိုးသမီး ဂျာနယ်လစ် ၂ ဦးသည် အီရန်ရှိ နိုင်ငံရေးအကျဥ်းသားများ ချုပ်နှောင်ထားသည့် Evin အကျဥ်းထောင်မှာနေထိုင်ရမှာဖြစ်ပြီး၊ ဖမ်းဆီးခံထားရသည့် ၁ နှစ်ခန့်ကို လျော့ရက်အဖြစ် ထုတ်နှုတ်ခံစားခွင့် ပြုမည်ဟုလည်း အီရန်တရားရေးဌာန၏ Mizan သတင်းအေဂျင်စီက ပြောကြားထားသည်။

အီရန်ထောက်လှန်ရေးဌာန၏ လွန်ခဲ့တဲ့နှစ် အောက်တိုဘာက ထုတ်ပြန်ချက်မှာတော့ Mohammadi နဲ့ Hamedi ဟာ အမေရိကန် အစိုးရရဲ့ CIA အေဂျင့်တွေ ဖြစ်သည်ဟု စွပ်စွဲထားကြောင်း၊ Mohammadi နှင့် Hamedi တို့သည် အမေရိကန်အစိုးရ နှင့် ဆက်နွယ်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်ရေးဆက်သွယ်ထားသည့် အချက်အလက် စာရွက်စာတမ်း သက်သေအထောက်အထားများ ရှိပါသည်ဟု Mizan သတင်းအေဂျင်စီက ပြောကြားထားသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလက အသက် ၂၂ နှစ် အရွယ် Mahsa Amini သည် အီရန်အမျိုးသမီးတွေ လိုက်နာရမည့် ဝတ်စားဆင်ယင်မှုပုံစံကို ချိုးဖောက််သည်ဟုဆိုကာ ရဲစခန်းတွင် ဖမ်းဆီးခံထားရစဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီ လူပေါင်းရာချီသေဆုံးပြီး၊ လူထောင်ချီ အဖမ်းခံခဲ့ကြောင်း၊ သတင်းထောက် ၆၀ ခန့်လည်း ဖမ်းဆီးခံခဲ့ရသည်။

Ref: Reuters, Internet News

#RedNewsAgency

By Editor