အရှိန်ပြင်းပြင်း စစ်ဆင်ရေးများနဲ့ နွေဦးတော်လှန်ရေး

“ကနောင်စစ်ဆင်ရေးဟာ စစ်ကောင်စီရဲ့ ဒုတိယမြို့တော် လို့ သတ်မှတ်ထားတဲ့ မန္တလေးမြို့ကို ပထမဦးဆုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေတဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ပါတယ်။ ၂ နှစ်ကျော်ကာလအတွင်းမှာပင် ယခုလို စစ်ကောင်စီ ရဲ့အားကောင်းလှတဲ့ မြို့တော်ကြီးတခုကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တာကိုကြည့်ရင် နွေဦးတော်လှန်ရေးဟာ ဘယ်လောက်အားကောင်းနေလဲဆိုတာ”

ချမ်းမင်း

တော်လှန်ရေးကာလ ၃ နှစ်နီးပါးရှိလာတောမဲ့ ဒီကနေ့ နွေဦးတော်လှန်ရေးဟာ အခြေအနေ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံအနှံ့က ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အင်အားအရေအတွက်၊ စွမ်းဆောင်ရည်ပြည့်ဝတဲ့ လက်နက်အမျိုးအစား ပိုင်ဆိုင်လာမှုရာခိုင်နှုန်းတွေနဲ့ နယ်မြေစိုးမိုးလာနိုင်မှုတွေဟာအရင်နှစ်ပိုင်းတွေကထက် သိသိသာသာ တိုးတက်လာနေတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း ဒီကနေ့အထိ တော်လှန်ရေးဘက်တော်သားတွေနဲ့အတူ ရှိနေသေးတာ အားလုံးအသိဖြစ်ပါတယ်။

ပြည်သူ့ထောက်ခံမှုကြောင့်သာ ဒီကနေ့ ဒီအချိန်ထိ တော်လှန်ရေးက တောင့်ခံနေတာဖြစ်ပါတယ်။ တော်လှန်ရေးကာလအစောပိုင်းက ပစ်ပြေးအဆင့်တွေပါ ဂိမ်းထဲက PUBG လောက်ဆော့ပြီး စစ်တပ်ကိုအာခံချင်ကြတဲ့ လူငယ်တွေဆိုပြီး အထင်တသေးပြောဆိုခဲ့ကြတဲ့ ဝေဖန်သံတွေအားလုံးကို မှားယွင်းနေကြောင်း ယခုအချိန်မှာတော်လှန်လူငယ်တွေကကောင်းကောင်းကြီးသက်သေပြနိုင်ခဲ့ပြီလို့ဆိုရပါမယ်။

ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်တွေရဲ့ သန္ဓေမမှန်ကန်မှုကြောင့် ခေတ်အဆက်ဆက် အရေးအခင်းပေါင်းစုံ၊ အရေးတော်ပုံနဲ့ တော်လှန်ရေးပေါင်းစုံ ဆင်နွှဲပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကြောင့် နေဝင်းလက်ထက်ကတည်းက အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ် များ၊ ရှစ်လေးလုံးအရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေး လှုပ်ရှားမှုအမျိုးမျိုး ပေါ်ပေါက်ခဲ့ရပြီး မြန်မာပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ကို လက်မခံကြောင်း ကမ္ဘာကိုပြသ နိုင်ခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရေးအတွက် ခေတ်အဆက်ဆက် ပြည်လုံးကျွတ်အရေးအခင်းကြီးတွေပေါ်ပေါက်ခဲ့ပေမဲ့လည်း သတင်းစီးဆင်းမှုအားနည်းခြင်းနဲ့ နည်းပညာတိုးတက်မှုမရှိတဲ့ ထိုခေတ်ထိုအခါက အခြေအနေတွေကြောင့် စစ်အာဏာရှင်စနစ်ကို ယတိပြတ်ချုပ်ငြိမ်းအောင် စွမ်းဆောင်နိုင်ခြင်းတော့မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း အခု တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုမှာတော့ ပြီးခဲ့တဲ့အရေးအခင်းတွေကလို ပြည်သူတွေဟာ တစ်နှစ် နှစ်နှစ်လောက်နဲ့ ငြိမ်မသွားတော့ဘဲ စစ်အာဏာရှင်ကို ကောင်းကောင်းကြီး ခြိမ်းခြောက်နိုင်တဲ့အဆင့်ထိ တစ်ဖြည်းဖြည်းကြီးထွားလာအောင်ကြိုးစားခဲ့ကြပါတယ်။ ပြောရမယ်ဆိုရင် တော်လှန်ရေးမျိုးစုံထဲကမှ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

MDY- PDF ကနောင်စစ်ဆင်ရေးအတွင်း မြင်ကွင်းတခု

ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို လက်နက်ဆွဲကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ တိုင်းရင်းသား EROs အဖွဲ့တွေက လက်တွဲခေါ်ဆောင်ပေးတာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေကြောင့် နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ စွမ်းဆောင်ရည်တွေဟာ နှစ်နှစ်ကျော် သုံးနှစ်အတွင်းမှာ အတော်လေးကိုတိုးတက်ပြောင်းလဲလာပြီး စစ်တပ်ကို သူတင်ကိုယ်တင် တိုက်ခိုက်လာနိုင်တဲ့အခြေအနေထိရောက်ရှိခဲ့ပါတယ်။
မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်စပ်ကြားစစ်ဆင် ရေးလှုပ်ရှားမှုတွေပုံဖော်နေတဲ့ မန္တလေး PDFဟာ ဒီလိုစွမ်းဆောင်ရည်ပြည့်ဝလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲက နမူနာပြစရာ အကောင်းဆုံးတပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

မန္တလေး PDF ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့လမ်းညွှန်မှုနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီးမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်စပ်ကြား စစ်ရေးလှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့ တပ်ဖွဲ့တစ်ခုလည်းဖြစ်တယ်။ အာဏာသိမ်းကာလကနေ ၂၀၂၂ ခုနှစ်အစောပိုင်းလောက်အထိကို လှုပ်ရှားမှုသိပ်မရှိခဲ့တာကြောင့် တော်လှန်ပြည်သူတွေ သိပ်သတိမထားမိခဲ့တဲ့ မန္တလေးPDFဟာ ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာတော့ နောင်ချိုမြို့နယ် ဟိုခိုရွာနီးဝန်းကျင်မှာ သပြေညိုစစ်ဆင်ရေးအမည်ဖြင့် စစ်တပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ရေးအမြတ်အတော်လေးရရှိအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဧပြီလ ၅ ရက်နေ့က စတင်ခဲ့တဲ့ ရက်၂၀ ကျော် သပြေညိုစစ်ဆင်ရေးအမည်ခံ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၀ ကျော်ကျဆုံးခဲ့ရပြီး ဒုတပ်ရင်းမှုးကဲ့သို့ရာထူးအကြီးပိုင်းတွေကိုလည်း ရှင်းလင်းနိုင်ခဲ့တယ် မန္တလေးPDFက ထုတ်ပြန်ထားပါတယ်။

MDY-PDF ရဲဘော်များ

အဆိုပါသပြေညိုစစ်ဆင်ရေးရဲ့ထူးခြားချက်တစ်ခုဟာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်ကို အရင်ကလို ပြောက်ကျားပုံစံနဲ့ တိုက်ခိုက်တာမဟုတ်ဘဲ သမာရိုးကျတိုက်ပွဲသဏ္ဍာန် ရက်ပေါင်း၂၀ ကျော်ကြာအောင် ခံတိုက်သွားခဲ့ဖြင်းပဲ ဖြစ်တယ်။ မြန်မာ့စစ်ရေးစောင့်ကြည့်လေ့လာသူတွေကလည်း မန္တလေးPDFရဲ့ သပြေညိုစစ်ဆင်ရေးဟာ မိမိတပ်ဖွဲ့ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းနဲ့ စစ်တပ်ရဲ့အခြေအနေကို အကဲစမ်းတဲ့သဘောဖြင့်ပုံဖော်လိုက်တဲ့ စစ်ဆင်ရေးတစ်ခုသာဖြစ်နိုင်ပြီး ဒီထပ်ပြင်းထန်လာနိုင်တဲ့ တိုက်ပွဲတွေ ပုံဖော်လာနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

စစ်ရေးလေ့လာသူတွေရဲ့ ခန့်မှန်းချက်အတိုင်း ဇူလိုင်လအတွင်းမှာပဲ မန္တလေး PDF ဟာ ကနောင်စစ်ဆင်ရေးဆိုတဲ့ အမည်နဲ့စစ်ဆင်ရေးတစ်ခုကိုစတင်ကြောင်းကြေငြာခဲ့ပြီး အရင်ကလို မန္တလေးနဲ့ရှမ်းပြည်နယ်စပ်တွေတင်မကဘဲ မန္တလေးမြို့တွင်းထဲမှာပါ စစ်ဆင်ရေးတွေ ပုံဖော်မယ်လို့ကြေငြာခဲ့ပါတယ်။ စစ်ဆင်ရေးကြေငြာပြီး ပထမသုံးလ တာအတွင်းမှာပဲ စစ်တပ်ဘက်က ဗိုလ်ကြီး ၂ဦး၊ စစ်ကြောင်းမှူးတစ်ဦး၊ ဒုစစ်ကြောင်းမှူးတစ်ဦးနဲ့ တပ်သား၇၆ ဦး ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မန္တလေး PDFရဲ့ အဆိုပါ ထုတ်ပြန်ချက်အပြီး ဩဂုတ်လအတွင်းမှာပင် စစ်ကောင်စီတပ်တွေဟာ မန္တလေးမြို့ပေါ်နဲ့ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကနေတဆင့် မန္တလေးကို ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေအကုန်လုံးမှာ အရင်ကထက် အင်အား အဆမတန်သုံးပြီး ကာကွယ်နိုင်ဖို့ပြင်ဆင်နေတာတွေလည်း တွေ့ရပါတယ်။ အရင်ကလို ခြေလျင်ခြေမြန်တပ်တွေ တိုင်းကိုယ်ရံတော် တပ်တွေသာမကတော့ဘဲ မန္တလေးမြို့တွင်းက အထိုင်တပ်တွေဖြစ်တဲ့ သသနတပ်၊ ဆက်သွယ်ရေးတပ်၊ ထောက်ပို့တပ်နဲ့ အခြားလက်ရုံးတပ်တွေက ထုတ်နှုတ်အင်အားတွေကိုပါအသုံးပြုပြီး မန္တလေးကို ကာနိုင်ဖို့ကြိုးစားနေတာတွေလည်းတွေ့ရပါတယ်။

MDY-PDF ရဲဘော်များ

မန္တလေး PDF က ထုတ်ပြန်လိုက်တဲ့ ကနောင်စစ်ဆင်ရေးဟာ စစ်ကောင်စီရဲ့ ဒုတိယမြို့တော် လို့ သတ်မှတ်ထားတဲ့ မန္တလေးမြို့ကို ပထမဦးဆုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေတဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ပါတယ်။ ၂ နှစ်ကျော်ကာလအတွင်းမှာပင် ယခုလို စစ်ကောင်စီ ရဲ့အားကောင်းလှတဲ့ မြို့တော်ကြီးတခုကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တာကိုကြည့်ရင် နွေဦးတော်လှန်ရေးဟာ ဘယ်လောက်အားကောင်းနေလဲဆိုတာ ခန့်မှန်းနိုင်မယ်ထင်ပါတယ်။

မန္တလေး PDFလိုပဲ တစ်ခြားသောဒေသက တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးကလည်း ကိုယ့်မြို့ကိုယ်ပြန်သိမ်းနိုင်ဖို့ကြိုးစားနေတာကြောင့် သိပ်မကြာခင်အချိန်တွေမှာ စစ်ကောင်စီအတွက်အကြပ်ရိုက်စေမဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ တပြိုင်တည်းပေါ်ပေါက်လာနိုင်တဲ့တနေ့ တော်လှန်ရေးကြီးအောင်မြင်ပြီလို့ ပြောလို့ရမှာ။ အခုတော့ မန္တလေး PDF က ဒေသတွင်းမှာ နယ်မြေစိုးမိုးရေးနဲ့ လူထုစည်းလုံးရေးလုပ်ငန်းများကိုလည်း အဆက်မပြတ်လုပ်ဆောင်ရင်း စစ်အာဏာရှင်ကိုလည်း လက်နက်ကိုင်တော်လှန်ရင်း ခရီးဆက်လို့နေပါတယ်။

ကနောင်စစ်ဆင်ရေးအတွင်းက မြင်ကွင်းတခု

နွေဦးတော်လှန်ရေးအတွင်းမှာ ခုခံစစ်ဆင်နွှဲနေသည့် လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးကတော့ စည်းရုံးရင်းတိုက်၊ တိုက်ရင်း စည်းရုံးနေရပေမဲ့ တိုက်ပွဲတွေကအောင်မြင်နေတာ အားလုံးအသိဖြစ်ပါတယ်။ မန္တလေး PDF လို အခြားသော PDF အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၊ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားလုံး အရှိန်ကောင်းကောင်းနဲ့ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့အတွက် မထင်မှတ်ထားတဲ့အချိန်အတွင်း ပြည်သူများအောင်ပွဲဆင်နွှဲကြရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။

#RedNewsAgency

By Editor