စစ်ရေးမှာ သတင်းနဲ့ ထမင်းက အရေးကြီးဆုံးဆိုရင် ပြင်သင့်တာ ပြင်ဆင် 

“အစ္စရေးနဲ့ ဂါဇာအရေးကိုကြည့်ရင်သိနိုင်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း PDF တွေ အကျဆုံးများရင် မေးကြတဲ့ မေးခွန်းက သတင်းကြိုမရဘူးလား ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။ သတင်းတော့ကြိုရတယ် ရှောင်ချိန်မရလိုက်တာမျိုးတွေ ဆိုတာကြားရတာ ဒုနဲ့ဒေးပါပဲ”

ကျော်ရဲစံ 

စစ်ကောင်စီက မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို စစ်ရေးအရ ဖိအားပေးလာတာဟာ နှစ်လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ စစ်ကိုင်းတိုင်းက ယင်းမာပင်ခရိုင် အပါအဝင်နေရာတော်တော်များများကို စစ်ကြောင်းထိုးနေပါတယ်။ ဒီကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်က အထိခိုက်အကျဆုံးတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ 

စစ်ကိုင်းတိုင်း မြင်းမူမှာ PDF ရဲဘော်တွေ နှစ်ဆယ်ကျော်ကျဆုံးမှုနဲ့အတူ မကွေးတိုင်း ပခုက္ကူဘက်မှာလည်း စခန်းစီးနင်းခံရတာတွေ ခေါင်းဆောင်ပိုင်းလုပ်ကြံခံရတာတွေဖြစ်ပေါ်လာပါတယ်။ စစ်ကောင်စီလက်အောက်ခံ ဖြစ်နေပေမဲ့ ရုန်းမထွက်နိုင်သူတချို့ဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ဖရဲသီးအဖြစ်ရှိနေကြပါတယ်။ 

ဖရဲသီးတွေထံက စစ်ကြောင်းသတင်းတွေ၊ တပ်တည်တပ်လှုပ်တွေနဲ့ အထိခိုက်စာရင်းတွေ ကိုကာကွယ်ရေးအဖွဲ့တွေကရနေပါတယ်။ ဒါကြောင့်ပဲ စစ်ကောင်စီရဲ့ လျို့ဝှက်ဆိုတာတွေဟာ အမြဲပေါက်ကြားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီထံက အရေးကြီးအချက်လက်တွေကို လုံလောက်အောင်သတင်းပြုစုနိုင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် စစ်ဖက်အရပ်ဖက်ထောက်လှမ်း ရေးတွေ စိမ့်ဝင်နေတဲ့ ကိစ္စမျိုးတွေပါ။ 

ပြည်သူတွေနဲ့အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ ဒလန်တွေ စစ်ကောင်စီသတင်းပေးတွေဆိုတာက ထင်ရှားပါတယ်။ ၎င်းတို့ကို မှတ်သားရတာမျိုးကလည်း လွယ်ကူသလို ခုဆိုအညာဒေသမှာ ၎င်းတို့က ပြည်သူ့စစ် ခေါ် ပျူစောထီးတွေအဖြစ် လှုပ်ရှားရပ်တည်နေကြတာပါ။ လက်နက်ကိုင်တွေ နိုင်ငံရေးဝိဝါဒမတူညီသူတွေကြား အပြန်အလှန် သတင်းပေးတွေရှိနေတာတော့ မထူးဆန်းပါဘူး။ 

ဒါပေမဲ့လို့ လိုအပ်တဲ့ အင်အားဆိုင်ရာ အချက်လက်တွေကို လက်ရှိအချိန်ထိ တိတိကျကျ ဖော်ပြထောက်လှန်းနိုင်ခြင်းမရှိသေးသလို့ CDM ပြုလုပ်လာတဲ့ တပ်ဘက်ကသူတွေရဲ့ မလုံလောက်တဲ့ အချက်အလက်တချို့သာ ရနေသေးတာကို တွေ့ရပါတယ်။ စစ်ကောင်စီက ပြည်ပနိုင်ငံတွေက ဝယ်ယူတဲ့ စစ်လက်နက်ပစ္စည်းဆိုင်ရာ အချက်လက်တွေကို အနီးကပ်မစောင့်ကြည့်နိုင်သေးသလို ၎င်းပစ္စည်းတွေကို ခွဲ ခြားထားတဲ့ နေရာတွေကိုလည်း မလေ့လာနိုင်သေးပါဘူး။ 

ဓာတ်ပုံ – ဆိပ်ဖြူ ဘာမထီ တပ်ဖွဲ့

ဒါ့ကြောင့် တချို့နေရာတွေမှာ လေကြောင်းက ပစ်ပေမဲ့ ပစ်တဲ့ ပစ္စည်းအမျိုးအစားကိုတောင် ခွဲခြားရခက်ခဲနေတုန်းပါ။ တော်လှန်ရေးစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဆိုတာဟာ အရပ်ဘက်ကလာတဲ့ သတင်းအတိုအစတွေနဲ့ စစ်ကြောင်းဖြတ်သွားလို့မြင်တဲ့ သတင်းတွေကိုပဲ ရနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဖရဲသီးဆိုတာမျိုးကလည်း စခန်းထဲက စစ်ကြောင်းထွက်ခါနီးမှသာလျှင် သတင်းပေးနိုင်တာမျိုးကိုတွေ့ရပါတယ်။ ဆိုရပါလျှင် စစ်ကောင်စီရဲ့ စစ်ရေးအရပြင်ဆင်နေတာကို အချိန်မီဟန့်တားဖြတ်တောက်နိုင်ဖို့ လိုအပ်တဲ့ အချက်လက်တွေကို တော်လှန်ရေးရဲဘော်တွေဘက်က မရနေပါဘူး။ 

စစ်ကောင်စီလက်အောက်ခံတွေဟာ လေ့ကျင့်ရည်ပြည့်ဝပြီးဖြစ်သလို အချိန်မီလက်နက်လည်းရှိနေကြတာကြောင့် သတင်းရတာနဲ့ အချိန်မရွေးလှုပ်ရှားနိုင်ကြပါတယ်။ တော်လှန်ရေးရဲဘော်တွေဘက်က သတင်းရမှ စတင်လှုပ်ရှားမယ်ဆိုရင်တောင် အတော်လေးအထိခိုက်များနိုင်ပါတယ်။ လက်တွေ့မှာလည်းများခဲ့ပါတယ်။ စစ်ကိုင်းနဲ့ မကွေးက အညာတော်လှန်ရေးတပ်တွေကို ဖရဲသီးအယောင်ဆောင် သတင်းပေးတာတွေ ပြုလုပ်ပြီးခါမှ ပုံစံတူ အချိန်စောပြီး စောင့်ကြိုနေရာယူတိုက်ခိုက်တာတွေကြုံနေရသလို ကြုံလည်းကြုံခဲ့ရပါတယ်။ ဒါ့ကြောင့်ပဲ တစ်နေရာတည်းမှာ မကျသင့်ပဲ ကျရတာလို့ ယူဆပါတယ်။ 

စစ်ရေးမှာက သတင်းနဲ့ ထမင်းကသာလျှင် အရေးကြီးဆုံးဖြစ်ပါတယ်။ သတင်းရမှသာလျှင် ပြင်ဆင်ချိန်တွေ တွက်ဆချိန်တွေ ဗျူဟာတွေချမှတ်နိိုင်မှာဖြစ်ပါတယ်။ အစ္စရေးနဲ့ ဂါဇာအရေးကိုကြည့်ရင်သိနိုင်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း PDF တွေ အကျဆုံးများရင် မေးကြတဲ့ မေးခွန်းက သတင်းကြိုမရဘူးလား ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။ သတင်းတော့ကြိုရတယ် ရှောင်ချိန်မရလိုက်တာမျိုးတွေ ဆိုတာကြားရတာ ဒုနဲ့ဒေးပါပဲ။ တကယ်တော့ ရပါတယ်ဆိုတဲ့ သတင်းဟာ အရပ်ဘက်ကလာတဲ့ တာဝန်သိပြည်သူတွေပေးတဲ့ သတင်းမျှသာလျှင်ဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားနိုင်ခြေကို တွက်ချက်ဖို့ရာမှာ သတင်းက အရေးပါတယ်။ စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ အလှူခံဖြတ်ပိုင်းလေးကအစ သတင်းအစဖော်ထုတ်ဖို့နေ့စဉ်ကြိုးစားနေတာဖြစ်ပါတယ်။ နိုင်ငံအဆင့်စစ်တပ်တွေဟာ နှစ်ကာလနဲ့ချီပြီးတော့မဟာဗျူဟာ၊ နည်းဗျူဟာချမှတ်ထားပြီးဖြစ်ပါတယ်။ ပညာရှင်များစွာလည်းရှိနေသလို ၎င်းတို့ကိုလည်း အကောင်ထည်ဖော်ပေးမယ့်သူတွေ ရှိနေပါတယ်။ လက်ရှိအချိန်ထိ မင်းအောင်လှိုင်အောက်မှာအမှူထမ်းနေသူတွေကိုကြည့်ပါ။ ၎င်းတို့ရဲ့ အရှူံးကို ကြိုတင်မပြင်ဆင်ထားသလို ရှုံးမယ်ဆိုတဲ့ စိတ်ကို ထွေးပိုက်ပုံမရှိသေးပါဘူး။ ကျွန်တော်တို့ဘက်က အမြင်တစ်ခုသာလျှင် ၎င်းတို့မထူးဇာတ်ခင်းတယ်လို့ မြင်နေကြတာဖြစ်ပါတယ်။ 

ဓာတ်ပုံ – ဆိပ်ဖြူ ဘာမထီ တပ်ဖွဲ့

နွေဦးတော်လှန်ရေးဟာ မမျှော်မှန်းမထားတဲ့ လူထုတော်လှန်ရေးကြီးဖြစ်ပါတယ်။ မင်းအောင်လှိုင်ကိုယ်တိုင်က အာဏာသိမ်းဖို့ပြင်ဆင်နေတာ ရွေးကောက်ပွဲ မတိုင်ခင်ကာလကတည်းဖြစ်ပြီး ၎င်းနဲ့ အပေါင်းအပါတွေကလည်း ပါရမီဖြည့်ထားကြပြီး ဖြစ်ပါတယ်။ ထင်မှတ်မထားလောက်အောင် ပြည်သူလူထုပါဝင်မှုနဲ့အတူ မင်းအောင်လှိုင်တို့အုပ်စု အကြပ်ရိုက်အောင်ဆောင်ရွက်နိုင်နေပေမဲ့ အဆုံးသတ်ပေးဖို့လိုပါသေးတယ်။ အဆုံးသတ်ဖို့ ဆိုတာဟာ တစ်ဖက်ကသွားချင်တာရဲ့ ပန်းတိုင်ကို ဖြတ်တောက်နိုင်ဖို့သာလျှင်ရှိပါတယ်။ 

အပြန်အလှန် အသက်တွေနဲ့ ရင်းထားကြရတဲ့ ဓမ္မနဲ့ အဓမ္မတော်လှန်တဲ့ ပွဲမှာ ဥာဏ်ပညာနဲ့ ဗျူဟာခင်းနိုင်မှတော်ကာကြပါမယ်။ သတင်းတစ်ခုဟာ အကျိုးသက်ရောက်မှုအများကြီးရှိနိုင်သလို ဖြစ်တန်စွမ်းတွေကို ဖြတ်တောက်ရမှာလည်းအသုံးဝင်မှာပါ။ ဒါကပဲ အာဏာရှင်တွေဟာ သတင်းစာရှင်းလင်းပွဲတွေ တွင်တွင်ကျယ်ကျယ်လုပ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ ပေါက်ကြားသတင်းဆိုတာတွေကနေ ကိုယ့်ဘက်က ဘာရလိုက်သလဲဆိုတာပဲ ကြည့်မနေပဲ သေခြာခွဲ ခြမ်းစိတ်ဖြာပြီး ဘာတွေပေးလိုက်ရလဲဆိုတာစိစစ်ကြဖို့လိုပါတယ်။ 

ပြည်သူ့ရင်သွေးတစ်ဦးကျဆုံးတိုင်း ပြည်သူတွေက နာကျင်နေကြရပါတယ်။ ပြည်သူက အဘက်ဘက်မှာတာဝန်ကျေသလို နေရာကဏ္ဍအသီးသီးက နိုင်ငံတော်အကြီးကဲဆိုသူများကလည်း တာဝန်ယူမှုတာဝန်ခံမှု ပြည့်စွာရှိသင့်ပါတယ်။ ဆိုရင်ပါလျှင် စစ်တိုက်နေတဲ့ စစ်သားဆိုတာ အချိန်မရွေး အသက်စွန့်လွှတ်ရနိုင်ပါတယ်။ ဒါပေမယ်လို့ ဗျူဟာအမှားကြောင့်မဟုတ်ပဲ တန်ဖိုးရှိစွာ စွန့်လွှတ်ခြင်းပဲ ဖြစ်သင့်ပါတယ်။ ဗျူဟာအမှားကြောင့် ရဲဘော်တွေ ကျဆုံးရတဲ့အခါ တာဝန်ယူမှု တာဝန်ခံမှုဆိုတဲ့ယဉ်ကျေးမှူကိုလည်း လက်ဆင့်ကမ်းသင့်ပါတယ်။ ဒီလိုမျိုးမဖြစ်အောင်လည်း ရန်သူသတင်းတွေကို စီးဆင်းနေပြီး ဗျူဟာအမှန်ချမှတ်နိုင်အောင်လို့ ကြိုးစားပြင်ဆင့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။ 

Red News Agency

By Editor