Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခံရ 

Written by

in

RNA_စက်တင်ဘာ(၆)၊၂၀၂၃ ခုနှစ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်၊ အထူးတရားရုံးမှ စစ်ကောင်စီလက်အောက်ခံများက ယနေ့ (စက်တင်ဘာ ၆ ရက်) တွင် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းအခြေအနေများကိုသွားရောက် မှတ်တမ်းတင်စဉ် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က စစ်တွေမြို့၌ ကိုစိုင်းဇော်သိုက် ဖမ်းဆီးခံလိုက်ရကြောင်း၊ ကိုစိုင်းဇော်သိုက်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြင့် တရားစွဲဆိုထားကြောင်း Myanmar Now ထံမှ သိရသည်။

“အခုလို ကိုစိုင်းကို ထောက်ဒဏ်နှစ်ရှည်ကြီးချမှတ်တာကြားရတဲ့အတွက် ကျွန်တော်တို့ Myanmar Now အဖွဲ့သားများအားလုံး စိတ်ထိခိုပ်ကြေကွဲပါတယ်။ သူဟာ ကျွန်တော်တို့နဲ့အတူ ၂၀၁၇ ကတည်ူက လက်တွဲပြီး အလုပ်လုပ်နေခဲ့တဲ့သူပါ။ ကျွန်တော်တို့အဖွဲ့က ရေးသားခဲ့တဲ့ အရေးကြီးတဲ့သတင်းတွေမှန်သမျှမှာ ရိုစိုင်းဟာ အသက်အန္တရာယ်ကို မငဲ့ဘဲ အမြဲပဲရှေ့တန်းကနေသတင်းယူခဲ့သူပါ” ဟု Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းက ပြောကြားထားသည်။

ကိုစိုင်းဇော်သိုက်သည် ဖမ်းဆီးခံရပြီးနောက် ရခိုင်ပြည်နယ် စစ်တွေနှင့် ရန်ကုန်မြို့ စစ်ကြောရေးစခန်းများတွင် တစ်ပတ်ကျော်ကြာ စစ်ဆေးခံခဲ့ရကြောင်း၊ ထို့နောက် တောင်ဒဂုံမြို့နယ်တရားရုံးတွင် ရမန် (ချုပ်ရက်တောင်း) ယူကာ ကိုစိုင်းဇော်သိုက်ကို ဇွန်လလယ်တွင် စစ်ကောင်စီက အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း၊ ဖမ်းဆီးပြီး သုံးလကျော် ကြာချိန်အထိ ခုခံချေပခွင့်၊ ရှေ့နေလိုက်ခွင့်မပြုခဲ့ဘဲ အင်းစိန်ထောင်တွင်း ပထမဆုံးရုံးချိန်းဖြစ်သည့် ယနေ့ (စက်တင်ဘာ ၆) တွင် စစ်ခုံရုံးဖြင့် ထိုသို့ အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု Myanmar Nowက သတင်းထုတ်ထားသည်။

#RedNewsAgency