စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားအုန်းဆီ ၅၀ သားကို ၂၀၀၀ ကျပ်နှင့်ရောင်းချနေသည့်အတွက် ယနေ့ နံနက်ပိုင်းက တန်းစီဝယ်ခဲ့ကြရကြောင်း သိရသည်။

စားအုန်းဆီ တစ်ပိဿာကို ၁၁၀၀၀ ကျပ်အထိ စျေးတက်သွားခဲ့သည့်အတွက် ရန်ကုန်မြို့နယ်တော်တော်များများတွင် တစ်ပိဿာကို ၄၄၀၀ ကျပ်နှင့် ရောင်းချပေးနေသည့် သတင်းနှင့်အတူ တန်းစီဝယ်ယူနေကြကြောင်း၊ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လမ်းမတော်သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားဆီ ၅၀ သား၊ ကျပ် ၂၂၀၀ဖြင့် နေရာ ၃ ခုလောက် ရောင်းချခဲ့ကြောင်း သိရသည်။

“အခုက ဆီတစ်ဗူး ၅၀သားပေါ့၊ ၂၂၀၀ နဲ့ရောင်းပေးတာ။ အမှန်တော့ ဆီက ၅၀ သားမပြည့်ဘူး။ ၄၅ ကျပ်သားပဲရှိတယ်။ ဒါပေမယ့် အပြင်မှာ က ၁၁၀၀၀ စျေးရှိတယ်။ လက်လီဝယ်စားနေရတာက တစ်ဆယ်သားကို ၁၂၀၀ ဝယ်စားရတယ်” လို့ သံစျေးအနီးတဝိုက်မှာ ဆီ ၅၀ သားရရှိရေး ဒလမြို့က လာရောက်တန်းစီနေသည့် အမျိုးသမီးတဦးကပြောသည်။

ဆီတန်းစီတိုးနေကြသူများသည် ရေသန့်ဗူး (ဝမ်းလီတာ)၊ ရေသန့်လက်ကိုင်ဆွဲဗူးများနှင့် ငွေ ၂၂၀၀ ကိုင်ပြီး နေပူထဲတွင် အချိန်အတော်ကြာ ရပ်ပြီး တန်းစီဝယ်ယူနေကြရကြောင်း၊ အချို့တန်းစီဝယ်ယူနေသူများတွင် ရင်ခွင်ပိုက်ကလေးငယ်များကို ပွေ့ချီကာ တန်းစီနေကြရကြောင်း၊ ကလေးငယ်တချို့ကိုလည်း ရေသန်းဗူးများဖြင့် လာရောက်တန်းစီနေကြကြောင်း တွေ့ရှိရသည်။

“သမီးတို့က မောင်နှမတွေ နှစ်ယောက်လာတာ။ အပြင်မှာက ဒီရေသန့်ဗူးနဲ့အပြည့် ၅၀ သားကို ၆၀၀၀ ပေးပြီး ဝယ်စားနေရတယ်။ အခုဒီမှာတော့ ဗူးက မပြည့်ဘူး။ ၅ ကျပ်သားလောက်လျော့နေတယ်။ မောင်နှမ နှစ်ယောက် နေရာခွဲပြီး တန်းစီတာ တစ်ယောက် ၃ ဗူးဆီလောက်ရတယ်။ ကားခကုန်တယ်။ ပင်လည်းပင်ပန်းပါတယ်။ ဒါပေမယ့် ၆ ဗူးဆိုတော့ ၃ ပိဿာ အခုဆီဝယ်စားနေရတာနဲ့စာရင် ပင်ပန်းလဲ ဒုက္ခအရောက်ခံပြီး လာတိုးရမှာပါ” လို့ ကြည့်မြင်တိုင်မြို့နယ်က ဆီလာတန်းစီသည့် အမျိုးသမီးငယ် တစ်ဦးကပြောသည်။

ရန်ကုန်မှာ စားအုန်းဆီ ရောင်းချနေမှုများထဲတွင် တစ်ချို့သောနေရာများမှာ ဆီတစ်ပိဿာ ကျပ် ၄၆၀၀ ၊ ဆီ ၅၀ သား ၂၃၀၀ ကျပ်ဆိုပြီး ရောင်းချပေးတာတွေ့ရပြီး တန်းစီစနစ်၊ တုန်ကင်စနစ်လည်း ရောင်းချပေးနေမှုများရှိကြောင်း၊ ယခုလိုရောင်းချနေကြသော်လည်း ဆီရရှိရေးတန်းစီသူများပြားသည့်အတွက် ဆီလိုအပ်ချက်မှာ အခြေခံလူတန်းစားများ တန်းစီသော်လည်း ဆီမရှိကြောင်း သိရသည်။

“ဆီရရှိရေး တန်းစီတိုးနေရတဲ့ မြင်ကွင်းတွေဟာ စိတ်ပျက်စရာကောင်းလွန်းနေပြီး အာဏာလုစစ်ကောင်စီ အသုံးမကျမှုကြောင့် အခြေခံလူတန်းစား ဆင်းရဲသားပြည်သူတွေအပါအဝင် လူတိုင်း အတိဒုက္ခရောက်နေကြရတာဖြစ်ပါတယ်” ဟု ဆီတန်းစီတိုးသူတဦးကပြောသည်။

ပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းပြီးနောက် နေ့စဉ်ပြည်သူများကို သတ်ဖြတ်၊ ကျေးရွာများကို မီးရှို့၊ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကို လုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အသုံးမကျမှုများကြောင့် ကုန်စျေးနှုန်းများ အဆမတန်တက်လာခြင်းကြောင့် ပြည်သူအများအပြားဒုက္ခရောက်ကြရကြောင်း၊ ဆန်းစျေးနှင့်ဆီစျေးတက်မှုကို ထိန်းချုပ်ရန်အတွက် လုပ်ငန်းရှင်တချိို့ကို စျေးလျော့ရောင်းခိုင်းကာ ပြည်သူများကိုတန်းစီဝယ်ယူစေကြောင်း၊ စားအုန်းဆီစျေးတက်ရခြင်းမှာ မတရားစျေးတင်ရောင်းချနေသည်ဟုဆိုကာ တင်သွင်းခွင့်ရ ဆီကုန်သည် ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်း တို့ပါအဝင် စားအုန်းဆီအသင်းဥက္ကဌကို ဩဂုတ်လ ၃၀ ရက်နေ့ညပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

#RedNewsAgency

By Editor