အိန္ဒိယအစိုးရ မြန်မာစစ်ကောင်စီနှင့်ပူးပေါင်းခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေ

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။

သက်တန်းအရှည်ကြာဆုံး ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံဟု ပြောဆိုနေသည့် အိန္ဒိယနိုင်ငံအစိုးရသည် အာဏာသိမ်းမြန်မာစစ်ကောင်စီနှင့်ပူးပေါင်းနေခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့- Burma Affairs and Conflict Study ဦးဆောင်သူ မခရစ္စတင်းက ပြောသည်။

BACS နှင့် India for Myanmar တို့ ပူးပေါင်း၍ စစ်အာဏာသိမ်းပြီး လပေါင်း (၃၀) အတွင်း အိန္ဒိယနိုင်ငံ၏ မြန်မာ့ရေးရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေသုံးသပ် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ (၃၀) ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့သည်။

အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အရေးဆောင်ရွက်တဲ့အခါမှာ မြန်မာပြည်သူတွေရဲ့အသံကို ထင်ဟပ်နေတဲ့ မူဝါဒတွေဖြစ်ဖို့လိုတယ်ဆိုတာကို ထောက်ပြထားပါတယ်။ နောက်တခုက အိန္ဒိယကိုယ်တိုင် သူတို့ကိုင်ဆွဲနေတဲ့ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်တဲ့ လမ်းကြောင်းပေါ်လျှောက်နေတယ်လို့ ကျွန်မတို့ သုံးသပ်ထားပါတယ်။ မြန်မာပြည်သူတွေနဲ့လက်တွဲပြီး သမိုင်းကောင်းကိုဖန်တီးဖို့ ကျွန်မတို့အကြံပြုထားပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် မခရစ္စတင်းက ပြောသည်။

အိန္ဒိယနိုင်ငံ၏ မြန်မာ့ရေးရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေသုံးသပ် အစီရင်ခံစာတွင် အာဏာသိမ်းစစ်ကောင်စီအပေါ် အိန္ဒိယ၏ အသိအမှတ်ပြု ဆက်ဆံမှု၊ အိန္ဒိယနှင့် နိုင်ငံတကာ တွေ့ဆုံဆွေးနွေး၍ မြန်မာ့အရေး မှတ်ချက်ပြုမှုများ၊ ကုလသမဂ္ဂဆွေးနွေးပွဲများတွင် မြန်မာ့အရေးအပေါ် အိန္ဒိယ၏ ရပ်တည်ချက်များ၊ အိန္ဒိယနှင့် မြန်မာတော်လှန်ရေးအင်အားစုများ၏ ဆက်ဆံရေး၊ အိန္ဒိယ၏ အကျိုးစီးပွားအခြေခံ မဟာဗျူဟာမြောက် မြန်မာနှင့်ဆက်ဆံရေး၊ စီမံကိန်းများနှင့် ကုန်သွယ်ရေးများ၊ အိန္ဒိယ-မြန်မာနယ်စပ်ဒုက္ခသည်အရေးစသည့် ကဏ္ဍများနှင့် အကြံပြုချက်များ ပါဝင်သည်။

#RedNewsAgency

By Editor