ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။
 
ဖားကန့်က၊ ကျောက်စိမ်းရှာဖွေနေသူများ၊ မြေပြိုမှုကြောင့် နွံအတွင်းပျောက်ဆုံးသွားသည့် (၃၆) ဦးဝန်းကျင်ကို ယနေ့ နေ့လည်ပိုင်းအထိ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဆက်လက်ရှာဖွေခဲ့ကြကြောင်း သိရသည်။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၆)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

 
ကမ်းပါးပြိုကျမှုကြောင့် ရေလှိုင်းရိုက်ခတ်ပြီး ရေနွံကန်အတွင်းပျောက်ဆုံးနေသူထဲပါသွားသူအချို့နှင့် အတူနေသူတဦး၏ ပြောပြချက်အရ “ကျနော့်သူငယ်ချင်းတွေက ငါးယောက်တူးတာ၊ တစ်ယောက်လွတ်တယ်၊ ဆေးရုံပို့ထားတယ်၊ ကျန်တဲ့ လေးယောက်ပျောက်နေတယ်၊ ကျနော်တို့က ယောနယ် ပုလဲကလာတာ၊ ခုဒီမှာ ရှရောခမှာနေတာ၊ သူတို့ကျင်းရဲ့ ဘေးမှာ ခြောက်ယောက်တစ်ကျင်း၊ နောက် ရွှေမျောတိုက်တဲ့အဖွဲ့က ငါးယောက်၊ ကုမ္ပဏီက ကျင်းတူးတာ ဆယ့်ငါးယောက်လောက်ရှိတယ်၊ ဒါက ဒီနားတစ်စုတင်ပါမှာဗျ အနည်းဆုံး သုံးဆယ်အထက်ပဲ၊ ကျနော်လည်း အစက ဒီမှာတူးတာ လွန်ခဲ့တဲ့ သုံးရက်ကမှ ကျင်းပြောင်းတူးတာ”ဟု ပြောသည်။
 
ယခုမြေပြိုသည့် ကမ်းပါးသည် ယခင်က ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက်တူးဖော်သည့်နေရာဖြစ်ပြီး ရေနွံကန်ဖြစ်နေသည့်နေရာသည် ယခင်က ကျောက်စိမ်းသစ်ရွက်၊ အောင်ဟိန်းမင်းနှင့် ရာဇဌာနီကုမ္ပဏီလုပ်ကွက်များတူးဖော်ခဲ့ကြရာနေရာဖြစ်ကြောင်း၊ ယခုလိုမိုးကာလတွင် ဩဇာအာဏာရှိသူများက အမည်တပ်ထားခြင်းမရှိသော ကုမ္ပဏီအမည်ခံကာ လက်ကျင်းကျောက်တူးခြင်း၊ ရွှေမျောတိုက်ခြင်း၊ ပြင်ပမှလူများအား အစုယူကာတူးစေခြင်းများဆောင်ရွက်ကြောင်း မနကျေးရွာ ဒေသခံတစ်ဦးထံမှ သိရသည်။
 
#RedNewsAgency
By Editor