နေပြည်တော်မကျအောင် ဂရုစိုက်နေရတဲ့ စစ်ကောင်စီ ရန်ကုန်ကို လက်လွှတ်ရတော့မလား 

“မြို့သိမ်းတိုက်ပွဲတွေအတွက် တော်လှန်ရေးဘက်က ပြင်ဆင်နေသလို၊ စစ်ကောင်စီတပ်ကလည်း ရှိတဲ့အင်အားနဲ့ ခုခံဖို့ ပြင်နေတာတွေ့ရတယ်။ တောင်ငူမြို့တဖက်ကမ်းက စစ်တောင်းမြစ် တဘက်ခြမ်းမှ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုကလည်း ပိုမိုမြင့်တက်လာခဲ့တယ်”

နောင်ရိုး

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ရန်ကုန်ကို သိမ်းပိုက်နိုင်ဖို့ဆိုရင် အဓိက လမ်းတွေဖြစ်တဲ့ ပဲခူးတိုင်းထဲက တော်လှန်ရေး အခြေအနေကို သိရှိထားဖို့လိုပါတယ်။ ပဲခူးတိုင်းအတွင်းမှာဆိုရင် NUG -MOD ရဲ့ လက်အောက်ခံ ပဲခူးတိုင်း‌စစ်ဒေသခွဲအဖြစ်သီးသန့် ဖွဲ့စည်းထားပြီး၊ သူ့အောက်မှာ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်နဲ့ ပဲခူးခရိုင်ဆိုပြီး ခရိုင် ၄ ခုဖွဲ့စည်းထာခဲ့ပါတယ်။ တောင်ငူခရိုင်မှာ PDF ၃၅၀၁၊ ၃၅၀၂ တပ်ရင်း ၂ ရင်း၊ ပြည်ခရိုင်မှာ PDF တပ်ရင်း ၃၆၀၁၊ ၃၆၀၂ တပ်ရင်း ၂ ရင်း၊ ပဲခူးခရိုင်မှာ PDF ၃၇၀၁၊ ၃၇၀၂ တပ်ရင်း ၂ ရင်း နဲ့ သာယာဝတီခရိုင်မှာ ၃၈၀၁၊ ၃၈၀၂ဆိုပြီး အားလုံးတပ်ရင်း ၈ ရင်းဖွဲ့စည်းထားခဲ့ပါတယ်။

လက်တလော ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအခြေအနေဟာ တကယ်ကို ပြင်းထန်နေပါပြီ။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲကတိုက်ပွဲတွေအပါအဝင် တောင်ငူနဲ့ အနီးတဝိုက်မှာပါ စစ်မီးတောက်လာနိုင်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ကျောက်ကြီး၊ ရွှေကျင် အပါအဝင် ပဲခူးရိုးမ အရှေ့ခြမ်း ကျောက်တံခါး၊ ကညွတ်ကွင်း၊ ပိန်းဇလုပ်၊ ဖြူး၊ တောင်ငူလမ်းကြောင်းတစ်လျှောက်ကနေ ထိုးစစ်ဆင်လာတာတွေ့ရပါတယ်။ နယ်မြေစိုးမိုးမှု လုပ်နေတာတွေလည်း တွေ့နေရပါတယ်။ 

ဒီရက်ထဲဖြစ်ခဲ့တဲ့တိုက်ပွဲတွေထဲက အသိသာဆုံးက ဩဂုတ်လ ၉ ရက်နေ့မှာဖြစ်ခဲ့တဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်း ကျေးရွာမှာ  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း သိရတယ်။ အလားတူ ဩဂုတ်လ ၉ ရက်နေ့မှာပဲ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ 

ဒါတွေဟာ ထိတွေ့တိုက်ပွဲအဆင့်ပဲ ရှိပါသေးတယ်။ မြို့သိမ်းတိုက်ပွဲတွေအတွက် တော်လှန်ရေးဘက်က ပြင်ဆင်နေသလို၊ စစ်ကောင်စီတပ်ကလည်း ရှိတဲ့အင်အားနဲ့ ခုခံဖို့ ပြင်နေတာတွေ့ရတယ်။ တောင်ငူမြို့တဖက်ကမ်းက စစ်တောင်းမြစ် တဘက်ခြမ်းမှ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုကလည်း ပိုမိုမြင့်တက်လာခဲ့တယ်  အရင်က စစ်တောင်းမြစ်အကျော်က စစ်ကောင်စီ ဂိတ်စခန်းငယ်တွေဟာ တော်လှန်ရေး တပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်တဲ့အတွက် ပြန်ရုတ်သိမ်းပြီး ရေတာရှည် – လိပ်သို စစ်တောင်းမြစ်ကူးတံတား အနောက်ဘက်ခြမ်းက စခန်းကြီးတွေမှာ အခိုင်အမာ ခံစစ်ပြင်နေတယ်လို့သိရတယ်။

ဓာတ်ပုံ – ပဲခူးတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေသည့် Royal Peacock Column ရှေ့တန်းစစ်မြေပြင်သို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့်အဖွဲ့ ရောက်ရှိခဲ့စဉ်။

စစ်ကောင်စီရဲ့ ခံစစ်တွေကို ကျော်လွန်လာပြီး​ောတ့ ထိုးစစ်ပုံစံပြောင်းလာတဲ့ ပဲခူးရိုးမဘက်မှာ အင်အားပိုမို စုဖွဲ့နိုင်မယ်ဆိုရင် စစ်ကောင်စီဟာ အတော်အထိနာမှာသေချာပါတယ်။ ဒါကိုစစ်တပ်ကလည်း သိထားပြီးဖြစ်တယ်။ စစ်ကောင်စီအနေနဲ့လည်း တချိန်က စစ်ခွေး သင်္ချိုင်းဖြစ်ခဲ့ဖူးတဲ့ ပဲခူးရိုးမကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာရင် တော်လှန်‌ေရးအဖွဲ့‌တွေ ခိုလှုံဖို့ မလွယ်လောက်ဖူးလို့ ထင်ထားခဲ့ပုံရပါတယ်။ အဲဒါကြောင့်ပဲ ပဲခူးရိုးမအရှေ့ဘက်ခြမ်းမှာ ရန်ကုန်-မန္တလေး လမ်းဟောင်းအပြင်၊ စစ်ရေးအမြင်ရှိတဲ့ ဦးသန်းရွှေလက်ထက်တုန်းကဆိုရင် တောတွေအပြောင်ရှင်း အမြန်လမ်းသစ်တွေပါ ဖောက်လုပ်ထားခဲ့တယ်။

တခု သတိထားကြည့်ရမှာက စစ်ကောင်စီအနေနဲ့ စစ်မြူနေတာလား၊ စစ်တပ်အင်အားမရှိတော့တာလား မပြောတတ်ပေမယ့် ပဲခူးတိုင်းကိုအနည်းငယ်ဟပေးထားတဲ့ သဘောမှာရှိတယ်။ ကရင်နီ၊ ချင်း၊ ကချင်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာတော့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုတွေလုပ်နေတာတွေ့ရတယ်။ ဒါပေမဲ့ ပဲခူးမှာဆိုရင် ခုခံဖို့ပြင်ဆင်ထားကြပြီး အင်အားနည်းပါးတာတွေ့ရတယ်။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်ဆိုရင် ရန်ကုန်နဲ့ဘယ်လောက် မှမဝေးပါဘူး။ ခရီးသွားနေကြသူတွေဆို သိကြမှာပါ၊ ရန်ကုန်ကနေ ကားနဲ့လာရင် ဖြူး ၁၁၅ မိုင်ဆိုရင် အနားယူကြ၊ ထမင်းစားကြနဲ့ပေါ့။ ဒီလိုနေရာတွေအထိ တိုက်ပွဲတွေရောက်ရှိလာပါပြီ။ သိပ်မကြာခင်တိုက်ပွဲတွေဟာ ရန်ကုန်အဝင် ဇီးရိုးမိုင်ထိ ကပ်လာနိုင်ပါတယ်။

ဓာတ်ပုံ – ပဲခူးတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေသည့် Royal Peacock Column ရှေ့တန်းစစ်မြေပြင်သို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့်အဖွဲ့ ရောက်ရှိခဲ့စဉ်။

ဒါဟာ စစ်ကောင်စီတပ်အတွင်း အင်အားနည်းပါးလာမှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်နိုင်မှု စွမ်းရည်တွေကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အခုဆိုရင် စစ်ကောင်စီလက်အောက်က ခြေလျင်တပ်အများစုဟာ စစ်မတိုက်တတ်တဲ့ တပ်တွေနဲ့ပါ တွဲဖက်နေရတယ်လို့ သိရတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရန်ကုန်နဲ့ပဲခူးမှာ အဓိက လှုပ်ရှားနေတဲ့ တပ်မ (၇၇) လက်အောက်ခံတပ်တွေကို စစ်တောင်းမြစ်တကျောမှာ ပိတ်ဆို့ထားခြင်းဖြစ်တယ်။ ရန်ကုန်က တပ်ရင်းတွေဆိုရင် ရဲမေတွေနဲ့ နောက်ချန်အင်အားပဲရှိပါတော့တယ်။ 

ပြောရရင် စစ်ကောင်စီအတွက် ဒါဟာ လက်ကျန် ရှေ့တန်းထွက်အင်အားပါပဲ၊ ဒါတောင်မှ စစ်မတိုက်တတ်တဲ့ အထိုင်တပ်ရင်းတွေနဲ့ ရဲတပ်ဖွဲ့တွေကို တွဲဖက်ပြီး ရှေ့တန်းပို့ထားခြင်းဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ တဖက်မှာ နေပြည်တော်ကိုမကျအောင် ကရင်နီဘက်မှာ အင်အားစုစည်းထားရပြီး၊ ရန်ကုန်ကိုလှည့်မကြည့်နိုင်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စစ်တပ်ရဲ့အခုလို အင်အားချိနဲ့နေချိန်မှာ ၁၉၇၀ ခုနှစ် (ဗကပ) ခေတ်က သာ‌ဓကတွေကိုသင်ခန်းစာယူပြီး စည်းလုံးမှုနဲ့အနိုင်ယူမယ်ဆိုရင် ပဲခူးရိုးမက တဆင့်ရန်ကုန်ကို ခနအတွင်း ရောက်ရှိလာတော့မယ်လို့ သုံးသပ်လိုက်ရပါတယ်။ ။

Red News Agency

By Editor