အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ၂ နှစ်အတွင်း စခန်းသိမ်းတိုက်ပွဲများနှင့် မြို့တွင်း စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခဲ့

RNA_ဇူလိုင်(၂၁)၊၂၀၂၃ ခုနှစ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ရဲဘော်များသည် ၂ နှစ်အတွင်း ရန်ကုန်မြို့တွင်း စစ်ဆင်ရေးများ၊ စခန်းသိမ်းတိုက်ပွဲများကို ဆင်နွှဲခဲ့ကြောင်း ယနေ့ ဇူလိုင် ၂၁ ရက်နေ့သည် တပ်ဖွဲ့တည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက်ပြီဖြစ်သည့်အတွက် စစ်ဆင်ရေးဆောင်ရွက်ခဲ့ခြင်းများနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည်။

၂ နှစ်အတွင်း ရန်ကုန်မြို့တွင်း စစ်ဆင်ရေးများတွင် ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာအပါအဝင် ၅၂ ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၉၁ ဦးသေဆုံးခဲ့ကြောင်း၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စခန်းသိမ်းတိုက်ပွဲ ၄ ကြိမ်၊ စစ်ကြောင်းထိတွေ့တိုက်ပွဲ ၃၅ ကြိမ်၊ ဒရုန်းနှင့်လက်နက်ကြီးတိုက်ပွဲ ၁၆ ကြိမ် ပြုလုပ်ခဲ့ရာတွင် စစ်ကောင်စီလက်အောက်ခံ ၁၇၁ ဦးသေဆုံးကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဆင်ရေးများနှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ငယ် ၄၄ လက်၊ လက်နက်ကြီး ၁၀ လက်၊ လိုင်စင်မဲ့ မော်တော်ယာဉ် ၄ စီးနှင့် ကျည်နှင့်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း၊ (၂) နှစ်ပြည့်အတွင်း  တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးစီမံချက်များအတိုင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး နှင့် မွန်ပြည်နယ်တို့တွင်  ပျံလွှားအောင်၊ နန်းထိုက်အောင် စစ်ဆင်ရေးဆောင်ရွက်ချက်များကို တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ KNU တပ်မဟာ (၆) နှင့် တပ်မဟာ (၄) နယ်မြေများတွင် နယ်မြေခံ KNLA တပ်ဖွဲဲ့ဝင်များနှင့် ပူးပေါင်း၍ ကျေးလက်စစ်ဆင်ရေးဆောင်ရွက်ချက်များကို ဆောင်ရွက်ခဲ့သည့်ဟု သိရသည်။

#RedNewsAgency

By Editor