ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

RNA_ဇွန်(၃)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် (၃) ရက်တာ စစ်ကြောင်းထိုး ဝင်ရောက်မှုအတွင်း ကျေးရွာ (၂၇) ရွာမှ ကျေးလက်‌ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသကို ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အဆောက်အဦများ မီးရှို့ခံရမှုနှင့်အတူ ကောက်ပဲသီးနှံနှင့် ဆန်စပါးများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ မီးရှို့ဖျက်ဆီးမှုများအတွင်း ပြည်သူ (၅) ဦးကို သတ်ဖြတ်သွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ လူမဆန်သည့် လုပ်ရပ်ကြောင့်ဒေသခံပြည်သူ ၂၈၀၀၀ ခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲများ ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း၊ မီးရှို့ဖျက်ဆီးခံရမှုအတွင်း ရေလယ်ကျွန်း ဒေသရှိ အခဲအခက်မျိုးစုံ ရင်ဆိုင်‌နေရသည့် ပြည်သူများအတွက် ကူညီထောက်ပံ့ကြရန်ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

#RedNewsAgency

By Editor