မန်းချောင်း၊ မုန်းချောင်းနှင့် ချောင်းရေကြီးမှုများကြောင့် မကွေးတိုင်းအတွင်း လူသေမှုအပါအဝင် ပျက်စီးဆုံရှုံးမှု များပြား 

RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။

ရခိုင်ပြည်နယ်အတွင်း ဦးတည်ဝင်ရောက်လာသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးရွာသွန်းမှုများပြီးမကွေး တိုင်း၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်အတွင်း မမန်းချောင်း၊ မုန်းချောင်းနှင့် ချောင်းရေကြီးမှုတို့ကြောင့် လူအသေအပျောက်ရှိခဲ့ပြီး ကျွဲနွားများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆုံးရှုံမှုများပြားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဒေသခံများရိုက်ကူးထားသည့် ကျေးရွာအတွင်း ရေဝင်ရောက်မှုများဖြစ်သည်။

“ပွင့်ဖြူမြို့နယ်မှာတော့ လူသေတာမကြားဘူး ယာတွေ ပျက်စီးသွာတယ်၊ တချို့ရွာတွေမှာ နေအိမ်တွေပျက်စီးသွားတယ်၊ စလင်း ဆက်ဖြူကျွန်းဘက်မှာတော့ လူတွေတာတွေရှိတယ်၊ အဲဒီဘက်က အပျက်အစီးပိုများတယ်၊ ကျွဲနွားတွေလည်း ‌သေတယ်၊ နေအိမ်ပျက်စီးတာတွေလည်း ရှိတယ်။ စကုဘက်က ရွာတွေမှာလည်း အပျက် အစီးရှိတယ်၊ လယ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေထဲထိ ရေဝင်တာ ရွာတွေဘက်ကတော့ ပြောစရာကို မလိုတော့ဘူး” ဟု ပွင့်ဖြူဒေသခံတဦးက ပြောသည်။

စလင်းမြို့နယ်၊ ငသန်ခေါင်းအုပ်စု၊ ဂွေးကုန်းရွာမှ ကိုသာဓုနှင့် ကိုမျိုးအောင်တို့ ညီအကိုနှစ်ယောက် ရေထဲမျောပါသေဆုံးခဲ့ရာ တဦး၏ အလောင်းသာ ပြန်ရရှိကြောင်း၊ ဆင်ဖြူကျွန်းမြို့အနီးကျေးရွာများမှလည်း အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – ဒေသခံများရိုက်ကူးထားသည့် ကျေးရွာအတွင်း ရေဝင်ရောက်မှုများဖြစ်သည်။

မိုးရွာသွန်းမှုများပြီး ချောင်ရေကြီးမှုကြောင့် ကျွဲနွားအများအပြား မျောပါသေဆုံးခဲ့ပြီး၊ ရွေကူကျေးရွာမှ ပဲဧက ၁၀၀ ကျော်နှင့် နှမ်းဧက ၁၅၀ ရေ နစ်မြုပ်ပျက်စီးကြောင်း၊ အခြားသော စာရင်းမကောက်ယူနိုင်သေးသည့် စပါးစိုက်ခင်းများနှင့် ပဲ၊ နှမ်း စိုက်ခင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဓာတ်ပုံ – ဒေသခံများရိုက်ကူးထားသည့် ကျေးရွာအတွင်း ရေဝင်ရောက်မှုများဖြစ်သည်။

#RedNewsAgency

By Editor