ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် NUG က အမေရိကန် ဒေါ်လာ (၁) သန်းသုံးမည်

RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။
 
မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၁) သန်း အသုံးပြုမည်ဟု ယနေ့နံနက် ၈ နာရီက ပြုလုပ်သည့် NUG လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဒုတိယအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
 
“ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ် တုံ့ပြန်ရေးအတွက်မတည်ထားသော ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၁) သန်းကို ပိုမိုထိရောက်စွာခွဲဝေသုံးစွဲနိုင်ရန်အတွက် မြေပြင်အခြေအနေများကို သိရှိနိုင်ရေး အရေးပေါ်အစည်းအဝေးများ ခေါ်ယူဆောင်ရွက်ရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါသည်” ယနေ့ NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ နှင့် ချင်းပြည်နယ်တို့အား ပထမဦးစားပေးအနေဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ မုန်တိုင်းဒဏ် အခံရဆုံးဖြစ်သော ရခိုင်ပြည်နယ်တွင် အရေးပေါ်လိုအပ်ချက်များအတွက် သုံးစွဲနိုင်ရေး အရေးပေါ်ရန်ပုံငွေ ပံ့ပိုးဆောင်ရွက်ရန်၊ စစ်ကိုင်းတိုင်းတွင် မုန်တိုင်းကာလအတွင်း အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးရှောင်နေကြရသော ပြည်သူများ လိုအပ်သည့် အမိုးအကာများအတွက် ဖြည့်ဆည်းဆောင်ရွက်ရန်၊ ချင်းပြည်နယ်အတွက်လဲ မြေပြင်လိုအပ်ချက်များကို သိရှိအောင်ဆောင်ရွက်ပြီး ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန်၊ မုန်တိုင်းဒဏ်ခံဒေသများ၏ ဆေးဝါးလိုအပ်ချက်အတွက် လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက လျာထားပံ့ပိုးနေသည့် ပံ့ပိုးမှုပမာဏထက် ပိုမိုလိုအပ်ပါက ဖြည့်ဆည်းဆောင်ရွက်ရန် စသဖြင့် ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
 
လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဥက္ကဌ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ကော်မရှင် ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိုခါဆိုင်ကလုန်း အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ အစီရင်ခံစာ (၂) စောင်ပါ အကြောင်းအရာများ၊ မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများမှ အစုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်များကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများကလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
 
#RedNewsAgency
By Editor