သတိထားစရာ စစ်ကောင်စီတပ်၏ အောက်တန်းကျမှုများ

“တိုက်ပွဲများပြင်းထန်နေသည့် ကရင်ပြည်နယ်အတွင်း KNU အပါအဝင် ပြည်သူ့တော်လှန်ရေးအင်အားစုများ၏ ဖုန်းဖြင့်ဆက်သွယ်ပြောကြားချက်အပါအဝင် ဆက်သွယ်ရေးစက်များဖြင့် ပြောကြားချက်များကို ကြားဖြတ်နားထောင်နေသည့် မှတ် () အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်းသည် တောင်ငူမြို့တွင် တည်ရှိနေ”

အောင်ဇေ

ဗမာစစ်တပ်သည်ပြည်သူများကိုသတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်မှုများထက် ဆိုးသွန်းယုတ်မာသည့်ကိစ္စများရှိမြင်မဟုတ်ဟု ထင်ရသော်လည်း စစ်အရေးအသာစီးရယူလိုမှုဖြင့် ဆက်သွယ်ပြောဆိုချက်များကို စဉ်ဆက်မဖြတ်စောင့်ကြည့်နေသည့် အောက်တန်းကျမှုတခုအကြောင်း ပြောပြချင်ပါသည်။ နွေဦးတော်လှန်ရေးကာလပထမအစပိုင်းတွင် ပြည်သူများသည် ဆက်သွယ်ရေးနှင့်ပတ်သက်ပြီး ဖုန်းပြောချက်များ မလုံခြုံဟုပြောဆိုခဲ့ကြသည်ကို မှတ်မိအုံးမည်ထင်ပါသည် အဲဒါဟာအမှန်ဖြစ်ကြောင်း ပြောကြားလိုပါသည်။

ယခုပြောပြချင်သည့်အကြောင်းကတော့ ပြည်သူတွေနေ့စဉ် ပြောကြားနေသည့် ဖုန်းလိုင်းများထက် ပိုအရေးကြီးသည့် စစ်ရေးကိစ္စများကို ပြောမှာဖြစ်သည်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ယခုမှ ဒါမျိုးကိုလုပ်နေတာမဟုတ်ဘဲ ယခင်ကတည်းက လုပ်ဆောင်နေသည်ကို ပထမဆုံး ပြောကြားချင်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တွေ NCA လက်မှတ်ရေးထိုးပြီးပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်စဉ်ကာလကတည်းက ကြားဖြတ်ဖမ်းယူနားထောင်နေကြခြင်း ဖြစ်သည်။

၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ယခင်ထက်ပို၍ ကြားဖြတ်နားထောင်ခြင်းကိစ္စများကို ပိုလုပ်ဆောင်လာခဲ့ပါသည်။ အောက်ပါအချက်များသည် ဒေသအလိုက်လုပ်ဆောင်နေသည့် သတင်းအချက်အလက်များကို ပြောပြမှာဖြစ်ပါသည်။ စစ်ကောင်စီတပ်နှင့် ခုခံစစ်ဆင်နွှဲနေသည့် ပြည်သူ့တော်လှန်ရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် သတိထားရှောင်နိုင်ရန်အတွက် ရည်ရွယ်၍ ယခုစာကိုရေးသားရခြင်း ဖြစ်သည်။

စစ်ရေးသတင်းနှင့် ထူးခြားချက်များကို စစ်ကောင်စီတပ်သည် တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် အဆင့်မြင့်ဆက်သွယ်ရေး စက်များအသုံးပြုပြီး ဆက်သွယ်ရေးတပ်များကို ထိုးနယ်မြေအတွင်းရှိ စစ်ရေးလှုပ်ရှားမှုကို စောင့်ကြည့်နေခြင်းဖြစ်သည်။ ထိုဆက်သွယ်ရေးစက်များမှာ အမှတ် () အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်းသည် မြင်ကြီးနားတွင် အခြေစိုက်ပြီး KIA နှင့်ပြည်သူ့ကာကွယ်ရေးတပ်များ၏စစ်ရေးပြောဆိုမှုများလှုပ်ရှားမှုများကို ကြားဖြတ်ဖမ်းယူကာ သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားအလိုက် ဘာသာပြန်ခိုင်းပြီး စောင့်ကြည့်နေကြောင်း အသိပေးလိုပါသည်။

အမှတ် () အဆင့်မြင့် ဆက်သွယ်မှု တပ်ရင်းသည် လားရှိုးမြို့တွင် တည်ရှိပြီး ကိုးကန့်နှင့် ၎င်းနယ်မြေအတွင်းရှိတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများ၏ ဆက်သွယ်မှုပြောဆိုမှုများကို ကြားဖြတ်နားထောင်နေသည်။ အမှတ် () အဆင့်မြင့် ဆက်သွယ်မှုတပ်ရင်းသည် ကျိုင်းတုံမြို့တွင်တည်ရှိပြီး UWSA နှင့် RCSS တို့၏ စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ပြောကြားချက်များကို ကြားဖြတ်နားထောင်နေကြောင်း၊ အမှတ် () အဆင့်မြင့်ဆက်သွယ်မှု တပ်ရင်းသည် စစ်တွေမြို့တွင်တည်ရှိပြီး ရက္ခိုင့်တပ်တော်နှင့်အခြားသောတိုင်းရင်းသားလက်နက်ကိုင်များ၏ ဆက်သွယ်ပြောကြားချက်များကို ကြားဖြတ်နားထောင်နေပြီး စစ်ရုံးချုပ်နှင့်သက်ဆိုင်ရာစစ်ရေးတာဝန်ခံများထံ နေ့စဉ်ပို့ပေးနေကြရခြင်းဖြစ်သည်။

တိုက်ပွဲများပြင်းထန်နေသည့် ကရင်ပြည်နယ်အတွင်း KNU အပါအဝင် ပြည်သူ့တော်လှန်ရေးအင်အားစုများ၏ ဖုန်းဖြင့်ဆက်သွယ်ပြောကြားချက်အပါအဝင် ဆက်သွယ်ရေးစက်များဖြင့် ပြောကြားချက်များကို ကြားဖြတ်နားထောင်နေသည့် မှတ် () အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်းသည် တောင်ငူမြို့တွင် တည်ရှိနေခြင်းဖြစ်သည်။ ချင်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းမှ စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ဆက်သွယ်ပြောကြားချက်များကို တောင်ကြီးမြို့အခြေစိုက် အမှတ် (၁၀) အဆင့်မြင့်ဆက်သွယ်ရေးတပ်မှစောင့်ကြည့်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် တိုင်းနှင့်ပြည်နယ်အလိုက် ဆက်သွယ်ရေးတပ်များထားရှိကာ လက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ကြားဖြတ်နားထောင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်များအလိုက် အင်တိုက်အားတိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။ တပ်တွင်းမှာလည်း သက်ဆိုင်ရာဘာသာစကားသင်တန်းများလည်း ဆက်သွယ်ရေးတပ်များအတွက် ဖွင့်လှစ်သင်ကြားပို့ချမှုများလည်းရှိသည်။ ယခုစစ်ကောင်စီတပ်၏ စစ်ရေးနှင့်ပတ်သက်ပြီး မျက်ခြေပြတ်မခံစောင့်ကြည့်နေမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ပြည်သူ့တော်လှန်ရေးအင်အားစုများအနေဖြင့် အချင်းချင်းဆက်သွယ်ပြောဆိုရာတွင် အထူးသတိကြီးစွာထား ပြောဆိုဆက်သွယ်ကြပါရန် တိုက်တွန်းအပ်ပါသည်။

#RedNewsAgency

By Editor