အကြမ်းဖက်မှုကျူးလွန်နေသည့် အာဏာသိမ်းအဖွဲ့ကို အရေးယူနိုင်ရေး ဩစတြေးလျရောက်ရှိနေသည့် NUG လူ့အခွင့်အရေးဝန်ကြီး ကြိုးပမ်း

RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။
 
သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းသည် အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့်အရေးကျူးလွန်ဖေါက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။
 
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Gilbert + Tobin ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေများနှင့် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့နှင့် မေလ ၈ နေ့က တွေ့ဆုံးပြီး အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့် အရေး ကျူးလွန်ဖောက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ခံယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်ရန် ကြိုးပမ်းမှုများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာန၏ ဥပဒေအကြံပေး၊ NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် ကိုယ်စား လှယ်ရုံး၏ ရုံးအဖွဲ့မှုးတို့သည် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ ထုတ်ပြန်ကြေညာထားသည်။
 
​NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တာဝန်ရှိသူများသည် မေလ ၁၀ ရက်နေ့ ညနေပိုင်းကလည်း သြစတြေးလျ ပြည်ထောင်စုလွှတ်တော်ရှိ မြန်မာ့ဒီမိုကရေစီမိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် လွှတ်တော် ကော်မတီခန်းမတွင် တွေ့ဆုံဆွေးနွေခဲ့ကြောင်း၊ မြန်မာ့ဒီမိုကရေစီမိတ်ဆွေများအဖွဲ့ကို ထက်လွှတ်တော်၊ အောက်လွှတ်တော် ဥက္ကဌများအပါအဝင် သြစတြေးလျနိုင်ငံရေးတွင် ထင်ရှားသူ ဆီနိတ်တာများ၊ ပြည်သူ့ကိုယ်စားလှယ်ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
 
#RedNewsAgency
By Editor