တရုတ်အကျိုးစီးပွားနဲ့ တပ်တွင်းအားပြိုင်မှု ပြင်းထန်တော့မှာလား …….

မင်းအောင်လှိုင်မဟုတ်သော စစ်ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ဖို့နဲ့မင်းအောင်လှိုင်ကို ထိုးကြွေးပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ ကို ဦးတည်နေတာကို သိသာထင်ရှားစွာမြင်လာရပါတယ်……

ရေဂါ – ရေးသားသည်။

တရုတ်အစိုးရဟာ ၂၀၂၃  နှစ်ဦးပိုင်းကနေ ဒီနေ့အထိ ကို မြန့်မာအရေးနဲ့ပါတ်သက်လို့ ခပ်စိတ်စိတ်ခြေလှမ်းသွက်လုပ်ဆောင်နေတာတွေကိုတွေ့ရပါတယ်။တရုတ်ဟာ မြန်မာပြည်ရဲ့ တရားမျှတမှုမမျှတမှုတွေ အကျပ်အတည်းတွေ ပြည်သူတွေရဲ့ဒုက္ခတွေကိုလုံးလုံးစိတ်မဝင်စားပဲ ၎င်းတို့ရဲ့အကျိုးစီးပွားတွေမထိခိုက်ဖို့နဲ့အလုံးစုံ လက်ဝေခံနိုင်ငံတစ်ခုအဖြစ် သူ့လက်အောက်မှာထားရှိနိုင်ရေးကိုသာ ဦးတည်စဉ်းစားနေတာဖြစ်ပါတယ်။

မြန်မာပြည်ဟာတရုတ်ရဲ့ပထဝီဝင်နိုင်ငံရေးအရ အိမ်နီးချင်း ခြံစည်းရိုးတစ်ခုဖြစ်သလို ပင်လယ်ထွက်ပေါက်တစ်ခုလည်းဖြစ်နေပြန်ပါတယ်။ ရခိုင်ကမ်းရိုးတန်းကနေ တနင်္သာရီအထိ ၁၃၈၅ မိုင်ထိ ကျယ်ပြန့်တဲ့ပင်လယ်ထွက်ပေါက်နဲ့သဘာဝဓာတ်ငွေ့သိုက်တွေ ဟာလဲ တရုတ်ရဲ့မျက်စိကျစရာ ကမ္ဘာ့ပါဝါချိန်ခွင်လျှာမှာ အသာစီးရစေရေးအတွက် ဗျူဟာမြောက်နေရာတစ်ခုဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီလို သူရဲ့ကမ္ဘာ့နံပါတ်တစ်ဖြစ်လာ ဖို့ အိပ်မက်အကောင်အထည်ဖော်ရမှာအရေးပါတဲ့မြန်မာပြည်မှာ မတည်မငြိမ်ဖြစ်နေတာမျိုးကိုသူမလိုလားသလို အားလုံးတစ်ညီတစ်ညွတ်တည်းစည်းလုံးနေမှာမျိုးကိုလဲသူမလိုလားပါဖူး။ဒါကြောင့် ရှုံးနိုင်ချေများနေတဲ့ စစ်တပ်ကို နိုင်မြင်းအဖြစ်မဟုတ်ရင်တောင် Win-Win အခြေအနေဖြစ်အောင်လုပ်ပြီး မြန်မာပြည်ရဲ့အာဏာမသိမ်းခင် အခြေအနေကိုပြန်ရောက်အောင်တွန်းပို့နိုင်ဖို့ကို အားထုတ်နေတယ်လို့ ရှုမြင်သုံးသပ်လို့ရနိုင်ပါတယ်။

စစ်ကောင်စီဟာ သက်တမ်းတစ်လျှောက် ၎င်းတို့ရဲ့အနောက်နိုင်ငံများပိတ်ဆို့မှုလမ်းကနေလွတ်မြောက်ရေးအတွက် နိုင်ငံ့သယံဇာတနဲ့ထုတ်ကုန်တွေကို အောက်ဈေးနဲ့ထုတ်ရောင်းလာခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ရှိနေပါပြီ။တရုတ်ပြည်မကြီးရဲ့ တရားဝင် အစိုးရခြင်း စီမံကိန်းတွေကနေ တရုတ်ရဲ့တရားမဝင်လုပ်ငန်းတွေအထိ မြန်မာပြည်နယ်စပ်တစ်လျှောက်မှာ ကျယ်ပြန့်စွာတည်ဆောင်လုပ်ကိုင်နေတာဟာ ညံ့ဖျင်းပြီးကိုယ်ကျိုးရှာတဲ့ စစ်အုပ်စုဆီကရတဲ့ တရုတ်ရဲ့ကြီးမားတဲ့အကျိုးအမြတ်တွေပါပဲ။တရုတ်ဟာ ဒီလိုကြီးမားတဲ့အကျိုးစီးပွားတွေ ကို လက်လွှတ်ဆုံးရှုံးလိုစိတ် မရှိတာမို့ မြန်မာ့နိုင်ငံရေးကနေ ကိုယ်ကျိုးရှာစစ်အုပ်စုကို အပြီးတိုင်ခြေမှုန်း ခံလိုက်ရမှာကို မလိုလားဆုံးအုပ်စုရဲ့ ထိပ်ဆုံးမှာ ဖြစ်နေတာဖြစ်ပါတယ်။ ဒါကြောင့်လဲ စစ်အုပ်စုရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ကုလသမဂ္ဂ ခုရုံးမှာ ဗီတိုအာဏာနဲ့ကာကွယ်နေသလို တဖက်မှာလဲ စစ်အုပ်စုအသာရရေးအတွက် လိုအပ်တဲ့ နည်းပညာကအစ နည်းလမ်းပေါင်းစုံနဲ့အကူအညီပေးနေတာကိုတွေ့မြင်နေရတာပါ။ ဒါပေမယ့်လည်း အရှင်မွေးလို့ နေ့ချင်းမကြီးနိုင်လောက်အောင် မင်းအောင်လှိုင်နဲ့ ချစားစစ်တပ်ဟာ လက်တွေ့စစ်မြေပြင်မှာ အကျအဆုံးများပြီး ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အခြေအနေကိုရောက်နေပါတယ်။ ဒါဟာ တရုတ်အစိုးရအတွက် ကြီးမားတဲ့ စိတ်ပျက်စရာရလာဒ်ဖြစ်ပြီး မှန်းချက်နဲ့နှမ်းထွက်မကိုက်တာမို့ တရုတ်အစိုးရဟာ မင်းအောင်လှိုင်မဟုတ်သော စစ်အုပ်စုထဲကခေါင်းဆောင်သစ်ကို ပွဲထုတ်ဖို့ ကြံစည်လာမလားလို့ ယူဆနိုင်စရာရှိလာပါတယ်။

ဒီယူဆချက်ကိုသက်သေပြနေတဲ့ အချက်ကတော့ မေလ(မေလ၂)ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းရဲ့ စစ်အုပ်စုခေါင်းဆောင်ဟောင်း သန်းရွှေနဲ့သွားရောက်တွေ့ဆုံခြင်းပဲဖြစ်ပါတယ်။ လက်ရှိ အာဏာလက်ဝယ်ထားသူသာ အာဏာအပြည့်အဝ ရှိတာဖြစ်ပေမယ့် မင်းအောင်လှိုင်ရဲ့ သက်လုံမကောင်းတဲ့ စစ်တပ်နဲ့ နိုင်ငံရေးပါးမဝ မှုတို့ကြောင့် စစ်တပ်အတွင်းမှာ ပါဝါ လွန်ဆွဲပွဲတွေဖြစ်နေပြီဆိုတာကို တရုတ်အစိုးရက ကောင်းကောင်းသိထားပြီးဖြစ်မှာပါ။ဒီတော့ အကြမ်းဖက်စစ်တပ်ရဲ့ ပါဝါလွန်ဆွဲမှု အခြေအနေကိုကြည့်ရင် စကစ ဥက္ကဋ္ဌ ဖြစ်နေတဲ့ မင်းအောင်လှိုင် နဲ့ ဒုဥက္ကဌ ဖြစ်နေတဲ့ စိုးဝင်းတို့ဟာ အကြီးမားဆုံး ပါဝါယှဉ်ပြိုင်ဖက်တွေဖြစ်ပြီး စစ်အုပ်စုရဲ့ခေါင်းဆောင်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဌ ခင်ရီတို့ဟာ တတိယအုပ်စုအဖြစ်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့တစ်ကိုယ်ရေ အာဏာရူးမှု နောက်ဆက်တွဲ ဖြစ်စဉ်တွေကို သူကိုယ်တိုင်မထိန်းချုပ်နိုင်ခြင်းဟာ တတိယအုပ်စုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေအပေါ်  စိတ်အပျက်ကြီးပျက်စေပါတယ်။ အရှုံးနဲ့သာနိဂုံးချုပ်ရင် စစ်ခေါင်းဆောင်ဟောင်းတွေဟာလည်း စစ်ခုံရုံးနဲ့ရင်ဆိုင်ရမယ်ဆိုတာမလွဲမသွေသိထားတာပါ။ ဒီလိုရင်တမမဖြစ်နေရတဲ့ ဖက်ဆစ်တပ်ရဲ့အခြေအနေကို သိတဲ့တရုတ်အစိုးရဟာ မဟာဗျူဟာကျကျပဲ စစ်အုပ်စုခေါင်းဆောင်ဟောင်း သန်းရွှေကိုသွားရောက်တွေ့ဆုံပါတော့တယ်။ဒါဟာ မင်းအောင်လှိုင်အပေါ် အပြည့်အဝယုံကြည်မှုမပေးနိုင်ဖူး စစ်အုပ်စုဆက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် အဖြေသစ်တစ်ခုရှာရတော့မယ် ဆိုတဲ့အချက်ကိုမီးစိမ်းပြထောက်ခံလိုက်တာမျိုးပဲ ဖြစ်ပါတယ်။

 

ဒါဆိုရင်တစ်ခုတည်းသောအဖြေက မင်းအောင်လှိုင်မဟုတ်သော စစ်ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ဖို့နဲ့မင်းအောင်လှိုင်ကို ထိုးကြွေးပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ ကို ဦးတည်နေတာကို သိသာထင်ရှားစွာမြင်လာရပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ဟာ အရူးပါး ဖြစ်နေတာဖြစ်တာကြောင့် ဒီလိုအခြေအနေကို မရိပ်စားမိစရာမရှိပါဘူး။ အထူးသဖြင့် စစ်ထောက်လှမ်းရေး(စရဖ) ဟာ သူရဲ့အာဏာစက်အောက်မှာရှိနေတဲ့အခြေအနေမျိုးမှာ စစ်အုပ်စုဟောင်းတွေရဲ့ ရွေ့လျားမှုတွေကိုလည်း ထောက်လှမ်းနေမှာအသေအချာပါပဲ။ ဒါကြောင့်ပဲ မေ ၅ ရက်နေ့မှာ တပ်မ ၉၉ ရဲ့ ဗိုလ်မှူးကြီးအဆင့်ရှိ တပ်နယ်မှူးနဲ့အဖွဲ့ကို ဖမ်းဆီးလိုက်တာလို့ယူဆစရာရှိပါတယ်။ အခုလို တပ်ပြေးနဲ့CDM လုပ်သူများပြားလာတာကြောင့် တပ်တွင်းစည်းရုံးရေးနဲ့ တော်လှန်ရေးအင်အားစုတွေကြား CDM တွေအပေါ် ယုံကြည်မှုလျော့နည်းလာစေဖို့ တပ်ဝါဒဖြန့် Channel တွေကနေ ကျယ်ကျယ်ပြန့်ပြန့်ဝါဒဖြန့်နေတဲ့အချိန်မျိုးမှာ အခုလိုဖမ်းဆီးအရေးယူတာမျိုးဟာ အံ့အားသင့်စရာကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ ဒါဟာ စိုးဝင်းကိုတိုက်ရိုက်ဖယ်ရှားတာထက် ပိုအမြင်လှပြီး တပ်တွင်းမှာစိုးဝင်းရဲ့အရာရောက်မှုနဲ့ထောက်ခံနေမှုကို ဒီ့ထက်ပိုမကျယ်ပြန့်ဖို့ မင်းအောင်လှိုင်ရဲ့ရိုးရှင်းတဲ့လုပ်ဆောင်မှုအဖြစ် ကောက်ချက်ချနိုင်ပါတယ်။ ပြီးတော့ ဖမ်းဆီးတဲ့ဖြစ်စဉ်ဟာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြန်သွားပြီးနောက်ရက်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ လက်ရှိဖက်ဆစ်တပ်ရဲ့စစ်ဦးစီးဖြစ်နေတာမို့ သူ့နေရာကိုအစားထိုးမယ့် ဘယ်သူ့ကိုမှလက်သင့်ခံနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် မင်းအောင်လှိုင်ဟာ စိုးဝင်းအပေါ် ကြီးမားတဲ့သံသယ ရှိနေတာ အခုမှမဟုတ်ဖူးဆိုတာလဲသိသာထင်ရှားပါတယ်။ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Innya Urban Force အဖွဲ့ကရှင်းလင်းခဲ့တဲ့ စိုးဝင်းရဲ့ဆရာ အကြံပေးဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်အုန်းသွင် ရှင်းလင်းခံရခြင်းဖြစ်စဉ်ဟာလည်း အင်မတန်သံသယ ဖြစ်စရာကောင်းနေပါသေးတယ်။ မြို့ပြပြောက်ကျားတွေရဲ့လှုပ်ရှားမှုအများစုကို စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတွေက မပြတ်လိုက်လံထောက်လှမ်းနေတဲ့ကြားက အခုလိုကြီးမားတဲ့ပစ်မှတ်တွေကိုရှင်းလင်းနိုင်တာဟာ အတွင်းလူတွေမပါဝင်ပဲမဖြစ်နိုင်ပါဘူး။ မင်းအောင်လှိုင်ကိုယ်တိုင်လည်း ၂၀၂၂ ခုနှစ်အတွင်းမှာ မတော်တဆမှုဖြစ်စဉ်တွေကို ကြုံတွေ့ခဲ့ရပြီး ဒါတွေဟာလည်း တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးဆိုတာ သာမာန်လူတောင်တွေးနိုင်တဲ့ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ လက်ထောက် စိုးဝင်း / The Irrawaddy

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ မင်းအောင်လှိုင်လို ဘာတိုက်ပွဲအတွေ့အကြုံမှမရှိ နိုင်ငံရေးအကြောင်းလဲ နာကန်းတစ်လုံးမျှမသိတဲ့သူထက်စာရင် စစ်ရေးအတွေ့အကြုံရော အရည်အချင်းပါရှိတဲ့ စိုးဝင်းကို ခေါင်းဆောင်တင်မြှောက်နိုင်ခြင်းက ယခုလို အဖက်ဖက်က နိမ့်ကျနေတဲ့အခြေအနေကနေ ကျော်လွန်နိုင်မယ့် အဖြေတစ်ခုအဖြစ်ယူဆဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း မင်းအောင်လှိုင်ကတော့ သေစရာရှိ သူတစ်ယောက်တည်းအသေခံမှာမဟုတ်ပဲ စစ်အုပ်စုတစ်ခုလုံးကိုပါ ဆွဲခေါ်သွားဖို့စီမံထားပုံပါပဲ။ ဒီတော့ ဒီလို စစ်အုပ်စုရဲ့ ထိပ်သီးနေရာက နံပါတ်တစ်နဲ့နံပါတ်နှစ်တို့ရဲ့အားပြိုင်မှုမှာ ဘယ်သူအနိုင်ရမလဲ? တရုတ်အစိုးရကရော စစ်အုပ်စုခေါင်းဆောင်ဟောင်းတွေနဲ့ ဘယ်လိုသဘောတူညီချက်တွေရယူထားလဲ? မင်းအောင်လှိုင်ဘက်ကရော တရုတ်နဲ့စစ်ခေါင်းဆောင်ဟောင်းတွေကို ဆန့်ကျင့်ပြီး စိုးဝင်းကိုအရင်လက်ဦးမှုရယူနိုင်ပါ့မလားဆိုတာကတော့…..

Red News Agency

By Editor