ဖားကန့်၌ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့

RNA_ဖားကန့် မေလ ၅ရက်၊ ၂၀၂၃ ခုနှစ်။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာ အဝင်နှင့်မျောက်ဖြူကျေးရွာသွား လမ်းခွဲနေရာတွင် လူလတ်ပိုင်းအမျိုးသား (၂) ဦးအား သေနတ်ဖြင့်တေ့ပစ်ခံထားသည့် သေဆုံးရုပ်အလောင်းအား ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။
 
ယနေ့ နံနက် သေဆုံးနေသည့် ရုပ်အလောင်းများသည် မည်သူဖြစ်ကြောင်း မသိရှိရသေးကြောင်း၊ သေဆုံးသူ နှစ်ဦးမှ တဦးသည် ဦးခေါင်းကိုတေ့ပစ်ခံထားရခြင်းဖြစ်ကြောင်း၊ ယခု သေဆုံးသူများကို စစ်ကောင်စီတပ်သတ်ဖြတ်သည်ဟု အတည်မပြုနိုင်သေးသော်လည်း ဧပြီလ (၂၄)ရက်နေ့ နံနက်က စစ်ကောင်စီမှ ဗိုလ်မှူး ‌အသတ်ခံရသည့် Happy KTV အဝင်လမ်းရှေ့တွင် ဖမ်းဆီးထားသည့် အမျိုးသားနှစ်ဦးအား စစ်ကောင်စီတပ်မှ လမ်းပေါ်တွင် ပစ်ခတ်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည်။

ဖားကန့်၌ ပြီးခဲ့သည့်လများအတွင်း စစ်ကောင်စီတပ်မှ စပျစ်ခူးကျေးရွာတွင် လူ(၇၀)ကျော်၊ ရှရော်ခကျေးရွာတွင်လူ(၁၀၀)ကျော်၊ ဆိုင်းဖရာကျေးရွာတွင်လူ(၃၀)ကျော်၊ မှော်ပုံကျေးရွာတွင်လူ(၂၀၀)ကျော်၊ မဇွပ်ယန်ကျေးရွာနှင့်မလန်းကျေးရွာတို့တွင်လူ(၆၀)ကျော်ကို အတင်းအဓမ္မဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ လက်နက်ခဲယမ်းများ သယ်ခိုင်းခြင်းများ လုပ်ဆောင်ပြီး အများစုကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
 
စစ်ကောင်စီတပ်မှ လူရာချီဖမ်းဆီးမှုအပြီး အများစုကိုပြန်လွှတ်ပေးသော်လည်း မသင်္ကာသူများကို ဖမ်းဆီးထားပြီး စစ်ကြောရေးတွင် ပြည်သူတဦးကိုသတ်ဖြတ်ခြင်း၊ လမ်းပေါ်နှင့် မသင်္ကာဟုဆိုကာ ဖမ်းဆီးခံရသူများထဲမှ အချို့ကို လူသွားလူလာများသည့် နေရာများ၌ သေနတ်ဖြင့် ပစ်သတ်ကာ စွန့်ပစ်ထားသည့် လုပ်ရပ်များ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
 
#RedNewsAgency
By Editor