မိုင်းဘုန်းဆရာတော် မိုင်းလုံမြို့သို့သွားစဉ် PDF (မန္တလေး) မှ လုံခြုံရေးယူပေးခဲ့ 

RNA_ဧပြီ(၂၂)၊၂၀၂၃ ခုနှစ်။

မိုင်းဘုန်းဆရာတော်ဘုရားကြီးသည် မိုင်းလုံမြို့သို့ ကြွရောက်စဉ် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေမအတွင်း ဖြတ်သန်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက လုံခြုံရေး ယူပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တို့ တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေအတွင် ဧပြီလ (၁၁) ရက်နေ့က မိုင်းဘုန်းဆရာတော်၏ ယာဉ်တန်း ဖြတ်သန်းသွားလာခဲ့ခြင်း ဖြစ်သည်။

“အင်အားသုံးအနိုင်ကျင့်နေသူများကို တရားသောစစ်ဖြင့် တွန်းလှန်တိုက်ထုတ်နေသော မိမိတို့ တပ်ဖွဲ့ဝင်များသည် မိုင်းဘုန်းဆရာတော်ဘုရားကြီး ကြွရောက်လာသဖြင့် တိုက်ပွဲကို ခေတ္တရပ်နားပေးခဲ့ပြီး ဆရာတော် ဘေးကင်းရာဒေသသို့ ရောက်ရှိသည်အထိ လုံခြုံရေးယူ ပို့ဆောင်ပေးခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ရဲဘော်များသည် မိုင်းဘုန်းဆရာတော်ဘုရားကြီးအား ဖူးမြှော်ခွင့်ရခဲ့ပြီး ဆရာတော်မှ မိမိတို့တပ်ဖွဲ့ဝင်များအပေါ်တွင် အန္တရာယ်ကင်းအဆောင်များနှင့် မေတ္တာပို့ ဩဝါဒများ ချီးမြှင်ခဲ့ပါသည်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ရုပ်သံနှင့်တကွ ယနေ့ ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ဓမ္မသည်သာလျှင် အောင်နိုင်ရာဟု လက်ခံယုံကြည်ထားသောကြောင်း မိုင်းဘုန်းဆရာတော်ဘုရားကြီး ကျန်းမာ အသက်ရှည်၍ သာသနာအကျိုးကို ယခုထက်ပိုမို သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းထားသည်။

#RedNewsAgency

By Editor