CDM လုပ်ခဲ့တဲ့ကျွန်တော် ယုံကြည်ရာတစ်ခုအတွက် တစ်နှစ်ကျော် ၂ နှစ်နီးပါးလျှောက် လာခဲ့တဲ့လမ်းမှာ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်အဓိကပြောချင်တဲ့အချက်ကတော့ ကိုယ်ယုံကြည်လို့ လျှောက်တဲ့လမ်းဟာ ကြမ်းရင်ကြမ်းတမ်းနေလိမ့်မယ်၊ ခက်ခဲရင် ခက်ခဲလိမ့်မယ် ဒါပေမဲ့ လဲပြိုမသွားဘူး
ဇော်ရဲအောင် (CDM တပ်ကြပ်ကြီး)
ကျွန်တော်ရွေးခဲ့တဲ့လမ်းဟာ အရမ်းမှောင်နေတယ်ဆိုပေမဲ့ အလင်းရောင်ကိုမမြင်နိုင်တာတော့မဟုတ်ပါဘူး။ ဟိုးအဝေးတစ်နေရာမှာ ရောင်နီသန်းနေတဲ့ အလင်းမှိန်မှိန်လေးကိုတော့ တွေ့နေရပါတယ်။ အဲဒီအလင်းရောင်လေးနားကိုရောက်ဖို့ ကျွန်တော်ကြိုးစားနေပါတယ် ယုံကြည်ချက်အပြည့်နဲ့ပေါ့။
အရင်ကျွန်တော် CDM လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့အချိန်တုန်းက ကျွန်တော်ရဲ့အတွေးဟာ ဒီတော်လှန်ရေး နိုင်မယ်ဆိုတာသိတယ် ခက်ခဲမယ်လို့မတွေးခဲ့ဘူးဘူး။ ဒီလိုအတွေးနဲ့ကျွန်တော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့အရိပ် ကနေထွက်လာခဲ့ပြီး ပြည်သူ့ဘက်ကို ရပ်တည်ခဲ့ပါတယ်။ လွယ်လွယ်လေး တွေးခဲ့တဲ့ကျွန်တော်ပေါ့။ ပြည်သူ့ဘက်ကိုရပ်တည်လာတဲ့အချိန်မှာလဲ ကျွန်တော်ဘာလုပ်ရမယ်ဆိုတာမသိခဲ့ဘူး။ ဘယ်သူတွေနဲ့ချိတ်ဆက်ပြီး ကိုယ် ဒီတော်လှန်ရေးအတွက် ဘာလုပ်ပေးနိုင်တယ်ဆိုတာလဲမသိခဲ့ပါဘူး။ ကျွန်တော်ကိုယ်ကျွန်တော် အကြမ်းဖက်စစ်တပ်ကနေထွက်လာတာနဲ့ တာဝန်ကျေနေပြီလို့ဘဲ ထင်ခဲ့တာပါ။
ဒီလိုနဲ့စစ်တပ်ထဲကနေ ကျွန်တော်ထွက်လာတော့ တောင်ကြီးမြို့ရဲ့ ရွာလေးတစ်ရွာမှာ သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့ ခြံအလုပ်လုပ်ရင်းတိမ်းရှောင်နေခဲ့တယ်။ မြို့နဲ့လဲ အလှမ်းဝေးလွန်းတော့ မီးမရပါဘူး။ ဆိုလာ (Solar) လေးနဲ့ ဖုန်းအားသွင်းရပါတယ်။ မနက်ထ ထမင်းစားပြီးပြီဆိုတာနဲ့ ခြံထဲမှာရှိတဲ့မြက်တွေပေါက်ရပါတယ်။ထောပတ်အပင်တစ်ထောင်ရှိတဲ့ခြံဆိုတော့ တော်တော်လေးကျယ်ပါတယ်။ အလုပ်သမားကတော့ ကျွန်တော်အပါအဝင် သုံးယောက်ပါ။ ကျွန်တော်တို့နေရတဲ့ တဲလေးဆိုရင် မိုးကာနဲ့ပတ်ထားတော့ လေမလုံသလို မိုးလဲမလုံပါဘူး။ ဒါပေမဲ့လေမလုံ မိုးမလုံတဲ့တဲလေးမှာနေရင်း ယုံကြည်ရာတစ်ခုအတွက် ကျွန်တော်လျောက်နေရတဲ့ ခြေလှမ်းတိုင်းဟာ ပျော်ရွှင်စရာတွေနဲ့ ပီတိဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ တစ်နေ့တစ်နေ့ မြက်ပေါက်လိုက် မြက်ဖြတ်လိုက်လုပ်လာရာကနေ တောင်ကြီးမြို့ရဲ့ ရွာလေးတစ်ရွာမှာ ၆ လကျော် ၇ လနီးပါး ကြာခဲ့ပါတယ်။ နောက်တော့ခြံထဲမှာနေဖို့ အခက်အခဲလေးတွေရှိလာတာနဲ့ တောင်ကြီးမြို့ပေါ်က UG အဖွဲ့တစ်ခုမှာ ၂ လလောက် သွားနေခဲ့ရပါတယ်။
အဲအချိန်မှာ ကျွန်တော်အမေကလဲ လေဖြန်းထားတော့ကျန်းမာရေးကသိပ်မကောင်းဘူး။ အမေ့ကိုထောက်ပံ့ဖို့မပြောနဲ့ ကျွန်တော်မှာ ဝင်ငွေတောင်မရှိပါဘူး။ နောက်တော့ကျွန်တော်ဘာဖြစ်ဖြစ်ဆိုပြီး အလုပ်တစ်ခုခုလုပ်ဖို့ ရန်ကုန်ကို တက်လာခဲ့ပါတယ်။ ရန်ကုန်မှာ ကျွန်တော်လို ဘာအထောက် အထားမှမရှိတဲ့ စစ်သား CDM တစ်ယောက်အတွက် အလုပ်ရဖို့ တော်တော်ခက်ခဲခဲ့ပါတယ်။ ပိုက်ဆံတစ်ထောင်ဘဲ လက်ထဲမှာရှိတဲ့နေ့တွေဆိုရင် ဒီနေ့ဘယ်လိုထမင်းစားရမလဲဆိုပြီးတွေးနေရတယ်။ သူငယ်ချင်းတစ်ယောက်က သူဆီပိုက်ဆံလာယူဖို့ပြောတာတောင် လက်ထဲမှာနှစ်ရာဘဲရှိလို့ လုံခြုံရေးဝန်ထမ်းတစ်ဦးစီက တစ်ရာချေးပြီး သွားခဲ့ရတယ်။ တစ်ခါကဆိုပိုက်ဆံသွားယူတဲ့လူကိုမတွေ့လို့ ဆူးလေကနေ ၈ မိုင်အထိ လမ်းလျောက်ခဲ့ရတယ်။ နောက်တော့ ရရာအလုပ်လုပ်မယ်လို့ဆုံးဖြတ်ပြီး အကင်နဲ့ရေသန့်ဗူးတွဲပြီးရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်မှာ အလုပ်ရခဲ့ပါတယ်။ အလုပ်သမားကတော့ကျွန်တော်အပါအဝင်နှစ်ယောက်ပါ။ တစ်ယောက်က ညနေအကင်ရောင်းဖို့အတွက် လုပ်နေရတယ်ဆိုရင် တစ်ယောက်က မှာသမျှရေဗူးတွေကို ပို့ပေးရပါတယ်။တစ်ခါတစ်လေများ မီးပျက်ပြီဆိုရင် ၈ လွှာရှိတဲ့ တိုက်ပေါ်ကို ခြေလျှင်သွားပို့ပေးရပါတယ်။ မကြာပါဘူး လေးရက် မြောက်နေ့မှာ ကျွန်တော်ဖျားတော့တာဘဲ။ ဒီလိုနဲ့ အဲအလုပ်ကနေ ထွက်ခဲ့ရပြန်တယ်။ ကံကောင်းတာတစ်ခုက ငှားထားတဲ့အခန်းလေးပြန်မအပ်ရသေးတာဘဲ မဟုတ်ရင်ကျွန်တော်အခန်းငှားဖို့ပိုက်ဆံမရှိတာနဲ့ လမ်းဘေးအိပ်ရင်အိပ်နေရဦးမှာ။
နောက်တော့စစ်တပ်ထဲကထွက်လာတဲ့ကျွန်တော်က ကျွန်တော်နဲ့အဆင်ပြေတဲ့အလုပ်လေးကိုရခဲ့ပါတယ်။ ဘာအလုပ်လဲဆိုတော့ (security) လို့ခေါ်တဲ့ လုံခြုံရေးအလုပ်ပါဘဲ။ အစမ်းခန့်ကာလသုံးလအတွင်းမှာ တစ်လကို နေစားငြိမ်း ၇၀၀၀၀ လောက်ရခဲ့ပါတယ်။ ထမင်းကတော့တစ်နေ့ကိုနှစ်နှပ်စားရပါတယ်။ အရင်ကလို တစ်နေ့စားရဖို့ဘယ်သူ့ဆီ ကနေ ပိုက်ဆံချေးရမလဲဆိုတဲ့အတွေးတော့ မတွေးရတော့ဘူးပေါ့ဗျာ။ အလုပ်မှာကျွန်တော်က ညဆိုင်းဆင်းရပါတယ် မနက်ပြန်လာပြီဆိုမှ အဆောင်မှာအိပ်ရတာပေါ့။ တစ်လလောက်လုပ်ပြီးတော့ ကျွန်တော်ကိုတောင်ကြီးမှာသွားပြီးတာဝန်ထမ်းဆောင်ဖို့ပြောလာပါတယ်။ တစ်ခုကောင်းတာက လစာတစ်လကို နယ်ဝေးစရိတ် သုံးသောင်းပိုရတာပါဘဲ။
ဒီလိုနဲ့တောင်ကြီးမြို့ တောင်သုံးလုံးအကျဥ်းထောင်ရဲ့ဘေးကအရက်ထုတ်တဲ့ စက်ရုံမှာသွားပြီးတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ အရက်စက်ရုံမှာတစ်လဘဲလုပ်လိုက်ရပါတယ် လစာတိုးတော့မဲ့ အချိန်လေးမှာ အကြီးအကဲကစစ်တပ်လို အုပ်ချုပ်နေတာဆိုတော့ အထက်အောက် ပြဿနာတွေဖြစ်ပြီး တစ်ဆိုင်လုံးအလုပ်ဖြုတ်ခံလိုက်ရပါတယ်။ဒီလိုနဲ့ အလုပ်မရှိတော့တဲ့ ကျွန်တော်ဟာ ရန်ကုန်ကိုပြန်လာပြီးသောင်တင်နေပြန်ပါတယ်။ အလုပ်ထုတ်ခံလိုက်ရတဲ့လူတွေပေါင်းပြီး ကျွန်တော်အပါအဝင် ၇ ယောက် လှိုင်သာယာမှာအဆောင်လေးငှားပြီးနေပါတယ်။ လစာလေးထုတ်ထားတာရှိတော့ တစ်လနှစ်လလောက်နေလို့ရတယ်ဆိုပေမဲ့ နောက်လတွေငတ်မှာစိုးလို့ အလုပ်ရှာရပြန်တယ်။ လှိုင်သာယာမှာရှိတဲ့ စက်ရုံတိုင်းကိုအလုပ်လျှောက်ကြည့်ခဲ့တယ်ဆိုပေမဲ့ တစ်ယောက်မှ အလုပ်မရခဲ့ပါဘူး။ နှစ်လပြည့်တော့တစ် ခြားလူတွေက သူ့အိမ်သူ ပြန်သွားကြပါတယ်။
ကျွန်တော်နဲ့တစ်ယောက်ပဲကျန်ခဲ့တယ်။ ဒီလိုနဲ့ လကုန်ကာနီးအဆောင် လခပေးရမယ်ဆိုတော့ လက်ထဲမှာမရှိတာနဲ့ နှစ်ယောက်သား ဆန်အိပ်သွားထမ်းရပြန်ပါတယ်။ ကျွန်တော်အနေနဲ့ဆန်အိပ်ထိမ်းနိုင်တယ်ဆိုပေမဲ့ နေကလဲပူ ချွေးကလဲထွက်နေတော့ အချိန်ကြာလာတာနဲ့အမျှ ပခုံးတွေပွန်းလက်တွေပွန်းပြီး ဆက်ထမ်းဖို့ကို တော်တော်ခက်ခဲခဲ့ပါတယ်။ တစ်ရက်လုံး မလုပ်ရင် လုပ်ခမရဘူးဆိုတဲ့အတွက်ကြောင့်သာ တစ်ရက်လုံးကိုကြိတ်မှိတ်လုပ်ခဲ့ရပါတယ်။
နောက်တော့ကျွန်တော်ရန်ကုန်မှာ ဆက်နေဖို့မဖြစ်နိုင်တော့တာနဲ့ ထိုင်းမှာရှိတဲ့သူငယ်ချင်းတွေကိုအကူအညီတောင်းပြီး ထိုင်းကိုသွားဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အိမ်ကအမေ့အနေနဲ့ ငါ့သားအဆင်ပြေရင်ပြီးရောဆိုပြီး သွားဖို့လာဖို့စရိတ်တွေကို အသိတစ်ယောက်စီကနေချေးပေးလိုက်ပါတယ်။ ၂၀၂၂ ခုနှစ် ၁၂ လပိုင်းကုန်တော့ အိမ်ကအကြွေးတွေကို ကျွန်တော်ဆပ်နိုင်ခဲ့ပါပြီ။ ဒီလိုဆပ်နိုင်ခဲ့တာဟာလဲ ကျွန်တော်တစ်ယောက်ထဲကြောင့်တော့မဟုတ်ပါဘူး။ ကျွန်တော်သူငယ်ချင်း ရေခဲနဲ့ချမ်းကြောင့်လဲပါသလို ကျွန်တော်ရဲ့ကိုကြီးကိုထက်မြတ်နဲ့မစုသစ်တို့ကြောင့်လဲပါပါတယ်။ ခုဆို ကျွန်တော်ယုံကြည်လို့လျှောက်ခဲ့တဲ့ မှောင်မိုက်နေတဲ့လမ်းဟာ ရောင်နီကိုမြင်ရဖို့ တော်တော်လေးနီးစပ်နေခဲ့ပါပြီ။ ၁.၃.၂၀၂၁ မှာ CDM လုပ်ခဲ့တဲ့ကျွန်တော် ယုံကြည်ရာတစ်ခုအတွက် တစ်နှစ်ကျော် ၂ နှစ်နီးပါးလျှောက် လာခဲ့တဲ့လမ်းမှာ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်အဓိကပြောချင်တဲ့အချက်ကတော့ ကိုယ်ယုံကြည်လို့ လျှောက်တဲ့လမ်းဟာ ကြမ်းရင်ကြမ်းတမ်းနေလိမ့်မယ်၊ ခက်ခဲရင် ခက်ခဲလိမ့်မယ် ဒါပေမဲ့ လဲပြိုမသွားဘူးဆိုတာ အာမခံရဲပါတယ်။
#RedNewsAgency