RNA_ဧပြီ(၁၅)၊၂၀၂၃ ခုနှစ်။
ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနေသည့် စစ်ကောင်စီပြုလုပ် သင်္ကြန်တွင် ပြည်သူများ ပူးဆောင်ဆောင်ရွက်မှုမရှိသည့်အတွက် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် သင်္ကြန်ပွဲ လူများလာရောက် စည်ကားစေရေး ဒံပေါက်ဝေပေးနေရကြောင်း သိရသည်။
ပြည်သူရင်ပြင် ညာဘက် အဝင်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများက လာရောက်သူများ၏ ဖုန်း၊ စီးကရက်ဘူး၊ အိတ်တို့ကို စစ်ဆေးမှုများ အထူးတင်းကြပ်လုပ်ဆောင်နေပြီး၊ ကားများကိုလည်းတစ်စီးချင်း အစစ်အဆေးကြမ်းလျက်ရှိကြောင်း၊ ပစ်ခတ်သတ်ဖြတ်ရန် အသင့်အနေအထား လုပ်ဆောင်ထားသည်။

“သင်္ကြန်တာ ပြောတယ်ဗျ။ သင်္ကြန်နဲ့မတူဘူး။ စစ်ကောင်စီရဲ့ လုံခြုံရေး သင်္ကြန်ဖြစ်နေတယ်။ သေနတ်တွေနဲ့လည်း တစ်ချိန်လုံး စောင့်ကြည့်နေတယ်” ဟု ပြည်သူရင်ပြင်ရှေ့ ရောက်ခဲ့သူတစ်ဦးကပြောသည်။
ပြည်သူ့ရင်ပြင်အတွင်း ယနေ့ ဝင်ရောက်လာသည့် ကားများအား ယာဥ်ထိန်းရဲ၊ ရဲမေများက အတား အဆီးများပြုလုပ်ကာ မဏ္ဍပ်ရှေ့များသို့ မောင်းဝင်စေပြီး မဏ္ဍပ်ပေါ်မှ ရေပက်ဖြန်းကြရန် လုပ်ဆောင်ထားသည်။
” ကားတွေရေဆေးပေးတာတောင် အတင်းအဓမ္မ ပုံစံလို့မြင်တယ်။ သူတို့ မဏ္ဍပ်မှာ ရေပက်သူနဲ့ ရေကစားသူတွေရှိတယ်ဆိုတာ တမင်ဖန်တီးနေတာပဲ။ တကယ် ပျော်မယ့်သူကနည်းပါတယ်” ဟုထိုပွဲသို့ ရောက်ရှိလာသူတစ်ဦးက ပြောကြားခဲ့သည်။


ပြည်သူရင်ပြင်အတွင်း စစ်ကောင်စီ ပြုလုပ်ထားသော သင်္ကြန်ပွဲတွင် ဘီယာ အရက်များ အမြည်းများ ရောင်းချမှု သောက်စားနေမှုများ ရှိနေကြောင်း ပြည်သူရင်ပြင် ရောက်ခဲ့သူတစ်ဦးကပြောသည်။
“မူးပြီး မဏ္ဍပ်ရှေ့တွေမှာ ကတာ အော်တာတွေ လုပ်တယ်။ ပြီးရင် ဒံပေါက် ဝေတဲ့နေရာ တန်းစီပြီး ထိုင်စားကြတယ်။ ပြီးရင် ပြန်ထအော်ပေါ့။ အမှန်ကတော့ ပြောလို့တော့ မကောင်းဘူးဗျ။ စားချင်သောက်ချင်လို့ အကျွေးအမွေး ရှိလို့ လာကြတာမျိုးဖြစ်နေတယ်။ ဒါကြောင့် လူကများနေတာ” ဟု ၎င်းက ပြောပြသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီပြုလုပ်သည့် ယခုနှစ် သင်္ကြန်တွင် ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် စစ်ကောင်စီလက်အောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အပေါင်းအပါများကို အတင်းအဓမ္မ မလာမနေရစနစ်ဖြင့် လုပ်ကြံဖန်တီးနေကြခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီသည် ပြည်သူများကို အဓမ္မဖမ်းဆီး သတ်ဖြတ်ခြင်း၊ အညာဒေသတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းနှင့် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုများကြောင့် စစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း သိရသည်။
#RedNewsAgency