အင်းစိန်ထောင် အမျိုးသမီးအချုပ် ရုံးထုတ်ပြန်လာသူထံမှ မူးယစ်ဆေးဝါးဖမ်းမိ

RNA_မတ်(၂၃)၊၂၀၂၃ ခုနှစ်။
 
ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်၊ အမျိုးသမီးအချုပ်ဆောင်မှ အမှုရင်ဆိုင်ရန် မတ်လ ၂၁ ရက်နေ့က တရားရုံးသွားသည့်အကျဉ်းသူ တဦးထံမှ မူးယစ်ဆေး WY- အပြား ၃၀ ကျော်ကို ရုံးထုတ်အပြန် စစ်ဆေးရေးလုပ်စဉ် ဖမ်းမိသွားကြောင်း အင်းစိန်ထောင်ဝန်ထမ်းများနှင့် နီးစပ်သူ တဦးထံမှ သိရသည်။
 
“အခု အမျိုးသမီးဆောင် ကြပ်မှာပေါ့၊ ရုံးထုတ်ပြန်လာသူဆီက ဆေးမိထားတော့လေ၊ အလိုလိုနေရင်း နေကပူ နေရတာ ကြပ်ကြပ်တည်းတည်း အခုတော့ လွတ်လပ်ခွင့်ရတာလေးတွေပါ ပိတ်ပစ်မယ်ထင်၊ နောက်ပြီး စစ်ဆေးရေးမကြာခဏဝင်နိုင်တယ်၊ ထောင်မှာက မူယစ်ဆေးကို ကြံဖန်သွင်းကြတာ ပိုက်ဆံရှိတဲ့လူတွေကထောင်ထဲမှာ မူးယစ်ဆေး မသိအောင် ပြန်သုံးပေါ့၊ အခုမိတာက ပုတီးအဖြစ်စိပ်လို့ရတဲ့ Digital တာလီ ပုတီးထဲ ထည့်သယ်လာတာမှာ မိသွားတယ်လို့ ပြောသံကြားတယ်” ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက Red News Agency ကို ပြောကြားထားသည်။

အင်းစိန်ထောင်အတွင်း ယခုရက်ပိုင်း ပြဿနာဖြစ်ပွားမှုနည်းပါးနေပြီး ငြိမ်းသက်နေသော်လည်း မတ်လ (၂၇) ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာရှိသည်ဟု ထောင်တွင်းသတင်းများထွက်နေကြောင်း၊ ၁၉၄၅ ခု မတ်လ ၂၇ အား ရည်မှန်းကာ တပ်တော်နေ့ (တော်လှန်ရေးနေ့) အဖြစ် သတ်မှတ်ထားကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လ (၂၇) ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန္ဒပြသည့် ဒီကရေစီရေးလှုပ်ရှားမှုတွင် မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်က ကလေးငယ်များအပါအဝင် ပြည်သူ (၅၀) ခန့်ကို သတ်ဖြတ်ထားကြောင်း သိရသည်။
 
#RedNewsAgency
By Editor