Red News Agency

Independent Journalism for Justice and Human Rights.

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

Written by

in

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန် (မဆွပ်ယန်)ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ ကလေး(၂) ယောက်မိခင် ဒေါ်လခိဂျာအန့် ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ ဗျူဟာကုန်းနှင့် မဇွပ်ယန်ထောင်ရှိ စစ်ကောင်စီတပ်တို့မှ မကြာခဏ လက်နက်ကြီးများ ပစ်ခတ်ကြောင်း၊ KIA တပ်လှုပ်ရှာသည်အထင်နှင့် ရမ်းသန်းပစ်ခတ်မှုများရှိသလို တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး ပစ်ကူများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။

“လက်နက်ကြီးက အခုထိ ပစ်နေတုန်း အသံတွေကြားနေရတယ် ဘယ်ကိုပစ်နေလဲ အခြေအနေဘယ်လိုရှိလဲတော့ မသိဘူး၊ လုံးခင်းတဝိုက်က မှော်တွေ နားထားတယ် စက်ယန္တရားတွေ ရပ်နေတယ် သူတို့ကအဆက် အသွယ်ရှိတော့ သူတို့တော့ သိနိုင်တယ်၊ ညဘာဖြစ်မလဲ မသိသေးဘူး” ဟု ဖားကန့်ဒေသခံ တဦးကပြောသည်။

ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးသည် မဇွပ်ယန်ကျေးရွာအတွင်း နေအိမ် (၂) လုံးထိမှန်ခဲ့ကြောင်း၊ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည့် ဒေါ်လခိဂျာအန့်ကို လူမှုကူညီရေးအသင်းတခုက ဆေးရုံပို့ပေးထားကြောင်း၊ လုံးခင်းကျေးရွာ အုပ်စုနှင့် ဖားကန့်မြို့ပေါ်တို့တွင် စစ်ကောင်စီတပ်မှ ကင်းလှည့်မှုများမကြာခဏလုပ်နေပြီး ပြည်သူများကို တားဆီးစစ်ဆေးငွေတောင်းမှု၊ ဖုန်း ဆိုင်ကယ် သိမ်းဆည်းမှု၊ မသင်္ကာပါက ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေကြောင်း သိရသည်။

#RedNewsAgency