RNA_နိုဝင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။
ကရင်နီပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းအစပ် ဖယ်ခုံမြို့ လကျီလုံရွာ စာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ (၁၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။
ယနေ့ (နိုဝင်ဘာ ၂၈ ရက်) နေ့လည် (၁၂) နာရီခွဲဝန်းကျင်တွင် စစ်အုပ်စုက လကျီလုံရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများထဲတွင် ကလေးအများစုပါဝင်နေကြောင်း သိရသည်။
“လကျီလုံကျေးရွာစာသင်ကျောင်းမှာ မင်္ဂလာဆောင်ပွဲလုပ်ဖို့ အကြိုရက်မို့ ပွဲအတွက်ပြင်ဆင်နေတဲ့ချိန်မှာပဲ လာကျဲသွားပါတယ်။ ပွဲချင်းပြီး ၁၀ ယောက်ကျော်ဆုံးပြီး အထိခိုက်ပြည်သူတွေက ၂၀ ကျော်တယ် အခုထိ ကယ်ဆယ်မှုတွေလုပ်နေရတုန်းမို့ စာရင်းအတိကျကိုတော့ မသိရသေးပါ”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Red News Agency ကို အတည်ပြုပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်အရ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများကို ကလေးငယ်အများစုပါဝင်နေပြီး ကူညီကယ်ဆယ်ရေးလုပ်နေချိန်၌ပင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်နေကြောင်း တွေ့ရသည်။
နိုဝင်ဘာ (၂၆) ရက်ကလည်း ဆင်ပေါင်ဝဲမြို့နယ် အင်ရုံရွာ စာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၅၀)ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။