RNA_နိုဝင်ဘာ(၂၂)၊၂၀၂၆ခုနှစ်။
အကြမ်းဖက် အာဏာသိမ်းစစ်တပ်က ပဲခူးတိုင်း၊ သာယာဝတီထောင်အတွင်း မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာသည် လေဖြတ်ပြီးနောက် (၂) နှစ်နီးပါး ဆေးကုသခွင့် ပိတ်ပင်ခံရသည့်အတွက် နိုဝင်ဘာ (၁၆) ရက်နေ့က ကျဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ – WOPP ထံမှ သိရသည်။
နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာသည် ယခင်ကတည်းက ဆီးချို၊ သွေးချိုရောဂါရှိခဲ့သော်လည်း ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်အတွင်းရှိနေစဉ် အင်းစိန်အကျဉ်းထောင်မှ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရပြီးနောက် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှု မရရှိခဲ့သဖြင့် ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် နေအိမ်၌ အာဏာသိမ်းစစ်တပ်၏ မတရား ဖမ်းဆီးမှုကိုခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ (၅၀ ည) ဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံခဲ့ရသူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် အာဏာသိမ်း စစ်တပ်၏ ဖမ်းဆီးခံရပြီး အကျဉ်းထောင်အတွင်း ၂၀၂၄ ခုနှစ်တွင် လေဖြတ်ခဲ့ပြီးနောက် ဆေးဝါးကုသခွင့် လုံလုံလောက်လောက် မရရှိခဲ့ခြင်း စသည်တို့ကြောင့် (၂) နှစ်နီးပါးအကြာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ မိသားစုဝင်ဖြစ်သူထံသို့ အကြောင်းကြားခဲ့ပြီးနောက် နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် သာယာဝတီဆေးရုံ၌ ကျဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ – WOPP ကထုတ်ပြန်ထားသည်။



နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာ ကျဆုံးခဲ့ရသည့် ဆေးဘက်ဆိုင်ရာ အချက်အလက်များ၊ အကြောင်းရင်း၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သာယာဝတီမြို့၌ သင်္ဂြိုလ်ချိန်၌ မိသားစုဝင်များအား လာရောက်ခွင့်ပေးခဲ့သော်လည်း ဓာတ်ပုံရိုက်ကူးခွင့်ကို လုံးဝပိတ်ပင်တားဆီးခဲ့ပြီး မိသားစုထံသို့ အရိုးပြာအိုးကိုသာ ထောင်အာဏာပိုင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသူများ ကျဆုံးနေရသည့် အကြောင်းအရင်းများကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန်နှင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား/သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်အန္တရာယ် လုံခြုံရေးတို့ကို အလေးထားရန်မှာ အထူးပင် အရေးတကြီး လိုအပ်မှုများဖြစ်ကြောင်း စသဖြင့် နိုင်ငံရေးအကျဉ်းသူများအဖွဲ့ – WOPP ကထုတ်ပြန်တောင်းဆိုထားသည်။
#REDNEWS #RedNewsAgency #RNA