RNA_နိုဝင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အပြစ်ရှိကြောင်း စီရင်ချက်ရာတွင် အမှု၏ အဓိကအချက်ဖြစ်သော လူမျိုးသုဉ်းစေမှု ကျူးလွန်မှု ရှိ/မရှိ ကိစ္စအပေါ် ထောက်ခံမဲ (၉) မဲ၊ ကန့်ကွက်မဲ (၆) မဲ၊ အများစုမဲအသာဖြင့် ဆုံးဖြတ်ခဲ့သည့် တရားရုံး၏ စီရင်ချက်အပေါ် အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ (၂၀) ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ် (စစ်အုပ်စု)၏ အကြမ်းဖက်နှိမ်နင်းရေးနှင့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာများကို အကြမ်းဖက်သတ်ဖြတ်မှု၊ အတင်းအဓမ္မ နေရပ်စွန့်ခွာစေမှုနှင့် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ဂျီနိုဆိုက်ကျူးလွန်မှု၌ နိုင်ငံတကာတရားရုံး (ICJ) က နိုဝင်ဘာ (၁၉) ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံး ဒုတိယဥက္ကဋ္ဌနှင့် သက်တမ်းအရင့်ဆုံး တရားသူကြီးများ ပါဝင်သည့် တရားသူကြီး (၅) ဦး၊ စုစုပေါင်း တရားသူကြီး (၆) ဦး၏ သဘောထားကွဲလွဲမှု အမြင်အရ တရားရုံးသည် ရေရှည်ကြာမြင့်စွာ ကျင့်သုံးလာခဲ့သည့် အစဉ်အလာ စီရင်ထုံးဖြစ်သော လူမျိုးသုဉ်းစေမှု ကျူးလွန်သည်ဟု ဆုံးဖြတ်ရာတွင် ထားရှိရမြဲသက်သေအဆင့်အတန်းများမှ သွေဖည်ခဲ့သည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်ခံအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရားစီရင်မှုအတွင်း စာမျက်နှာ စုစုပေါင်း (၁၈၆) မျက်နှာ ရှည်လျားသော တရားရုံး၏ ဆုံးဖြတ်ချက်သည် ရှုပ်ထွေးလှကြောင်း၊ ထို့အပြင် စာမျက်နှာစုစုပေါင်း (၂၆၉) မျက်နှာအထိရှိသည့် တရားသူကြီးများ၏ စီရင်ချက်အပေါ် သီးခြားအမြင်များ၊ သဘောထားကွဲလွဲသည့် အမြင်များမှာလည်း (၁၇) ခုအထိရှိခဲ့ရာ တရားသူကြီးများအကြား သဘောထားအမြင် ကွဲပြားမှုများကို ထင်ဟပ်နေသည်ဟု မင်းအောင်လှိုင်အဖွဲ့က ပြောထားသည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း ICJ ဆုံးဖြတ်ချက်သည် မြန်မာ့သမိုင်းအတွက် အရေးပါသည့် အချို့အကွေ့ တစ်ခုဖြစ်ခဲ့ပြီး မြန်မာအာဏာပိုင်များအနေဖြင့် ICJ ၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အခြားနိုင်ငံများအနေဖြင့်လည်း လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရန်နှင့် အပြစ်ပေးရန် စွမ်းဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခြင်းဖြင့် ICJ ၏ ဆုံးဖြတ်ချက်ကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း ပြောကြားထားသည်။
Genocide Convention ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်သည်ဟု စွပ်စွဲထားခြင်းသည် ကြီးလေးသောပြစ်မှုဖြစ်ကြောင်း၊ တရားရုံးအမိန့်ကို သဘောထားအမြင်ကွဲလွဲမှုများ (Dissenting Opinion) ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်၍ တစ်ညီတစ်ညွတ်တည်း အတည်ပြုဆောင်ရွက်ခဲ့ခြင်း (Unanimous) မဟုတ်ကြောင်း၊ တရားသူကြီးများ၏ တူညီသောသဘောဆန္ဒများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ သက်သေပြရန် စံနှုန်းများ (Standard of Proof) ဖြစ်သော သံသယကင်းလွတ်သည် အထိသက်သေပြရန် (Beyond reasonable doubt) တာဝန်များသည် ယခုကဲ့သို့ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ကို ဆုံးဖြတ်ရာတွင် အထူးအလေးအနက်ထား ဆောင်ရွက်ရမည့်အချက်များ ဖြစ်သည်ဟုလည်း မင်းအောင်လှိုင်အဖွဲ့က ပြောကြားထားသည်။
မြန်မာနှင့် ဂမ်ဘီယာအမှုကို ဆုံးဖြတ်ရာ၌ နှစ်ဖက်စလုံးမှ တင်ပြခဲ့သည့် သက်သေအထောက် အထားများအပေါ် အခြေခံပြီး ဖြစ်ရပ်မှန်းတွေကို ကိုယ်တိုင်ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း၊ ဂမ်ဘီယာဘက် တင်သွင်းခဲ့သည့် သက်သေ (၄) ဦးသည် အကြမ်းဖက်ခံရမှုဖြစ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်များကို တရားရုံးက ကြားနာခဲ့ရကြောင်း၊ တရားရုံးမှ တောင်းခံခဲ့သည့် အချက်အလက်များကို မြန်မာဘက်မှ ပေးအပ်ဖို့ ပျက်ကွက်ခဲ့ကြောင်း၊ သက်သေများကို စစ်ဆေးနိုင်ရန် မြန်မာဘက်မှ ငြင်းဆန်ခဲ့ကြောင်း တရားသူကြီး ယူဂျီက ဆိုသည်။
မြန်မာစစ်တပ်၏ ဂျီနိုဆိုက်ကျူးလွန်မှုများအပေါ် ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံ၏ ထောက်ခံမှုဖြင့် ICJ တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်က အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းကြောင့် (၇) နှစ်ကြာ တရားရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
#REDNEWS #RedNewsAgency #RNA #ICJGenocideConvention #ICC