RNA_နိုဝင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ (ဂျီနိုဆိုက်) ကျူးလွန်ခဲ့သည့် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စု (မြန်မာစစ်တပ်) ၏ အကြမ်းဖက်မှုများကို တားဆီးရန်နှင့် ပြစ်ဒဏ်ချမှတ်ရန် မြန်မာအာဏာပိုင်များက ပျက်ကွက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် ဂျီနိုဆိုက်ကျူးလွန်မှု၌ အပြစ်ရှိကြောင်း နိုင်ငံတကာတရားရုံး (ICJ) က ယနေ့ (နိုဝင်ဘာ ၁၉ ရက်) အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။
ကုလသမဂ္ဂလက်အောက်ခံ ICJ တရားရုံး၏ အပြီးသတ် အမိန့်ချမှတ်မှုအပေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း ယခုဆုံးဖြတ်ချက်သည် မြန်မာ့သမိုင်းအတွက် အရေးပါသည့် အချို့အကွေ့ တစ်ခုဖြစ်ခဲ့ပြီး မြန်မာအာဏာပိုင်များအနေဖြင့် ICJ ၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အခြားနိုင်ငံများအနေဖြင့်လည်း လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရန်နှင့် အပြစ်ပေးရန် စွမ်းဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခြင်းဖြင့် ICJ ၏ ဆုံးဖြတ်ချက်ကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းပြောကြားထားသည်။
“မြန်မာအာဏာပိုင်များရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် နှစ်ပေါင်းများစွာ ငြင်းဆန်မှု၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုအပေါ် ICJ ရဲ့ အပြီးသတ်အမိန့်ဟာ ပြတ်သားရှင်းလင်းပြီး အသက်ရှင်ကျန်ရစ်နေသူတွေ၊ နစ်နာခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် တရားမျှတမှု အခိုက်အတန့်တစ်ခုပါပဲ။ မြန်မာအာဏာပိုင်များ၏ ဂျီနိုဆိုက် ကျူးလွန်မှုတွေကို အခိုင်အမာ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်”ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Agnes Callamard က ပြောကြားထားသည်။
ဆယ်စုနှစ်များစွာကြာအောင် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခဲ့သည့် မြန်မာအာဏာပိုင်များသည် ၎င်းတို့အား စနစ်တကျ ခွဲခြားဆက်ဆံမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် ဒုက္ခသည်စခန်းများ၌ ထားရှိခဲ့ကြောင်း၊ မြန်မာစစ်တပ် (စစ်အုပ်စု) ၏ အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေး ၂၀၁၇ ခုနှစ်ကာလအတွင်း ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လူသောင်းနှင့်ချီ သတ်ဖြတ်ခဲ့ကြောင်း၊ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုကို နိုင်ငံတကာစင်မြင့်၌ နေရာပေးကြိုဆိုခြင် မလုပ်ဆောင်ရန်၊ မြန်မာအာဏာပိုင်များထံ စစ်ဘက်ဆိုင်ရာလက်နက်များ၊ ထောက်လှမ်းရေးကိရိယာ လွှဲပြောင်းရောင်းချနေမှုကို ရပ်တန့်သင့်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်လည်း ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့အရေးယူမှုကို ချမှတ်သင့်ကြောင်းလည်း ပြောကြားထားသည်။
အချက် (၁၃) ချက်ပါ ICJ ၏ အပြီးသတ်အမိန့်ချမှတ်မှုသည် ရိုဟင်ဂျာများ တရားမျှတမှုရရှိရေးအတွက် အဆုံးသတ်မဖြစ်သင့်ဘဲ ၎င်းတို့၏ ထိခိုက်နစ်နာမှုနှင့် ကျန်ရစ်သူများအတွက် ထိရောက်သည့် လျော်ကြေးရရှိရန် အခွင့်အရေးရှိကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားထားသည်။