ထိုင်းမှတင်သွင်းသည့် အိုဗာတင်းထုတ်ကုန်အား ဖြန့်ချိမှုရပ်ဆိုင်းတော့မည်ဟု DKSH ထုတ်ပြန်

RNA+နိုဝင်ဘာ(၁၈)၊၂၀၂၆ခုနှစ်။

ထိုင်းမှတင်သွင်းသည့် ကုန်ပစ္စည်းများကို စစ်အုပ်စုက စစ်ဆေးသိမ်းယူမှုများရှိလာပြီးနောက် ထိုင်းနိုင်ငံ ထုတ် အိုဗာတင်း (Ovaltine) အမှတ်တံဆိပ် ထုတ်ကုန်များကို ပြည်တွင်း၌ ဖြန့်ချိခြင်း ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း DKSH (Myanmar) က ယနေ့ (နိုဝင်ဘာ ၁၈ ရက်) ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ AB Food & Beverages မှ ထုတ်လုပ်သည့် အိုဗာတင်းအမှတ်တံဆိပ် ထုတ်ကုန်များကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစတင်၍ ပြည်တွင်းဈေးကွက်၌ တရားဝင်ဖြန့်ဖြူးရောင်းချခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဇူလိုင် (၃၁) ရက်တွင် DKSH (Myanmar) နှင့် AB Food & Beverages (Thailand) တို့ကြား ဖြန့်ချိရေး သဘောတူစာချုပ် ရပ်စဲခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းအတွက်ကြောင့် ထိုင်းနိုင်ငံမှတင်သွင်းသည့် အိုဗာတင်းထုတ်ကုန်များကို ပြီးခဲ့သည့် အောက်တိုဘာလကုန်မှစတင်၍ ပြည်တွင်း၌ ဖြန့်ချိရောင်းချခြင်းအား ရပ်ဆိုင်းခဲ့ကြောင်း၊ DKSH မှ နောက်ဆုံးဖြန့်ချိခဲ့သည့် အိုဗာတင်းထုတ်ကုန်သည် Batch No. 260320/Exp: 19 Mar 2028) ဖြစ်ကြောင်း DKSH က ဖော်ပြထားသည်။

အောက်တိုဘာလနောက်ပိုင်း DKSH မှ ဖြန့်ချိထားခြင်းမဟုတ်သည့်၊ အခြားလမ်းမှ ဝယ်ယူရရှိသော အိုဗာတင်းထုတ်ကုန်များကို DKSH မှ ဖြန့်ချိရောင်းချထားခြင်းမဟုတ်ဘဲ ယင်းကုန်ပစ္စည်းများနှင့်ပတ်သက်၍ မည်သည့်အကြောင်းအရာကိုမျှ DKSH မှ တာဝန်ယူမည်မဟုတ်ကြောင်း DKSH က ဖော်ပြထားသည်။

ထိုင်းနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများကို စစ်အုပ်စုက ပိတ်ပင်သိမ်းယူမှုများရှိလာပြီးနောက်ပိုင်း ပြည်တွင်း၌ ကုန်ကြမ်းပစ္စည်းများ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အီလက်ထရောနစ်ပစ္စည်းများ ပြတ်လပ်မှုရှိလာပြီးနောက် ဈေးနှုန်းအဆမတန်မြင့်တက်မှုများ ရှိနေသည်။

By RNA Editor