ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်း၌ စစ်ရေးဖော်ဆောင်မည်ဟု မင်းဘူးခရိုင်တပ်ရင်း ထုတ်ပြန်

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။

မကွေးတိုင်း မင်းဘူးခရိုင် စလင်မြို့နယ်ရှိ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို ယနေ့ (နိုဝင်ဘာ ၁၇ ရက်) မှစ၍ ယာယီပိတ်ပင်ထားကြောင်း မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်းက နိုဝင်ဘာ (၁၆) ရက်တွင် ထုတ်ပြန်ထားသည်။

မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း၏ စစ်ဆင်ရေးနယ်မြေ ဆင်ဖြူကျွန်း-တညောင် လမ်းပိုင်း၌ စစ်ဆင်ရေးအရ အရေးပေါ်ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ခရီးသွားပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန် ယင်းလမ်းပိုင်းအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် မင်းဘူးခရိုင် တပ်ရင်း (၁) အား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ မိမိသဘောဆန္ဒနှင့် သွားလာပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းသည် ဧရာဝတီမြစ်နှင့်အပြိုင်တည်ရှိနေပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်းပိုင်းက ဆိပ်ဖြူမြို့နယ် သံဇလုံရွာရှိ စစ်အုပ်စုစစ်ဆေးရေးဂိတ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့ကို မင်းဘူးခရိုင် စစ်ဌာနမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆိပ်ဖြူ-တညောင်လမ်းပိုင်း၌ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်အုပ်စု မော်တော်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုများရှိနေကြောင်း၊ လက်ရှိ၌ စစ်ရေးတင်းမာနေကြောင်း သိရသည်။

By RNA Editor