ထိုင်းအစိုးရအနေဖြင့် မြန်မာ့ပြဿနာအရင်းခံကို ကိုင်တွယ်ဖြေရှင်းရန် သတ္တိမရှိကြောင်း ထိုင်းအမတ်ဟောင်း ပြော

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကက်ကော်၏ နေပြည်တော်ခရီးစဉ်သည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ပြဿနာအရင်းခံကို ကိုင်တွယ်ဖြေရှင်းရန်ထက် အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးကို ထိန်းသိမ်းလိုခြင်းသာဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်ဟောင်း Kannavee Suebsang က ၎င်း၏ လူမှုကွန်ရက်၌ ဝေဖန်ရေးသားထားသည်။

နိုဝင်ဘာ (၁၂) ရက်က နေပြည်တော်ကို ရောက်ရှိနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး တင်းမောင်ဆွေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) ဥက္ကဋ္ဌ ၊ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နှစ်နိုင်ငံ တွေ့ဆုံမှု၌ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အပြင် မြန်မာနယ်စပ် တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်ရှိ ပြည်သူများ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေထုညစ်ညမ်းမှု ဖြေရှင်းရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပြုသဘောဆောင်သည့် ဆောင်ရွက်နေမှုများနှင့် အာဆီယံနှင့် ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရန် မြန်မာတာဝန်ရှိသူများမှ ကြိုးပမ်းလုပ်ဆောင်နေမှုများကို အသိအမှတ်ပြုကြောင်း၊ အကြမ်းဖက်မှုများ လျှော့ချရန်နှင့် စစ်ရေးပဋိပက္ခကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးချဲ့ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်အပေါ် ထိုင်းလွှတ်တော်အမတ်ဟောင်းက ဝေဖန်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ပဋိပက္ခ၏ ပြဿနာရင်းမြစ်၏အခြေခံကို တက်တက်ကြွကြွ ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုင်းအစိုးရသည် သတ္တိမရှိကြောင်း၊ အကြမ်းဖက်မှု လျှော့ချရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးချဲ့ရန်ဟူသော အကြောင်းအရာများသည် ရည်မှန်းချက်မရှိ၊ တိကျသည့် အချိန်ကာလ သတ်မှတ်ချက်မရှိဘဲ ကတိကဝတ်မရှိသော မူဝါဒစကားသက်သက်သာ ဖြစ်သည်ဟု ဝေဖန်ထားသည်။

ဆီဟာဆတ်၏ နေပြည်တော်ခရီးစဉ်အပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်၌ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အပေါ် မြန်မာစစ်အုပ်စုအနေဖြင့် လိုက်နာရမည့် အရေးကြီးအကြောင်းအရာများကို ရှင်းရှင်းလင်းလင်း ထည့်သွင်းဖော်ပြထားခြင်းမရှိကြောင်း၊ ပြောင်းလဲမှုများမရှိဘဲ မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆွေးနွေးခြင်းသည် ၎င်းတို့အား တရားဝင်မှုပေးအပ်သကဲ့သို့ ဖြစ်နေကြောင်း Kannavee က ဝေဖန်ထောက်ပြထားသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်အုပ်စုနှင့် အကြိမ်ကြိမ် တွေ့ဆုံနေရုံဖြင့် မလုံလောက်ဘဲ ၎င်းတို့အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်အတွက် သံတမန်ရေးကို အသုံးချရမည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ် ပဋိပက္ခအရင်းခံများ ဆက်လက်တည်ရှိနေနိုင်ပြီး နှစ်နိုင်ငံနယ်စပ်မှ ပြည်သူများလည်း ဘေးကင်းလုံခြုံမှုရှိမည်မဟုတ်ကြောင်း ၎င်းက ပြောဆိုထားသည်။

#RedNewsAgency #RedNews #RNA

By Editor