KNLA တပ်ရင်း (၃) ဌာနချုပ်ကို စစ်အုပ်စု သိမ်းယူခဲ့ဆိုသည်မှာ မဟုတ်မှန်ကြောင်း KNU ပြော

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၃) ဌာနချုပ်ကို စစ်အုပ်စုက သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားမှုအပေါ် မဟုတ်မှန်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက အတည်ပြုပြောသည်။

KNU/KNLA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုနှင့် သိမ်ဖြူဇရပ်မြို့နယ် ကော်ကတ်ရွာအနီးဝန်းကျင်ရှိ တပ်စခန်း (၂) ခုနှင့် ကော်ထီးထရွာအနီးရှိ KNLA တပ်မဟာ (၁)၊ တပ်ရင်း (၃) မှာ စခန်းတို့အပါအဝင် ယာယီအခြေပြု စခန်း (၄) ခုကို သိမ်းယူရရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။

“သူတို့ ရေးထားတဲ့ ထပ်မံသိမ်းပိုက်ရရှိဆိုတာကတော့ မဟုတ်ဘူး။ အဲနေရာက ရှေ့တန်းစခန်းလို့ပဲ သဘောထားတဲ့နေရာဖြစ်တယ်။ တပ်ရင်းဌာနချုပ် မဟုတ်ဘူး”ဟု ပဒိုစောကလယ်စေးက Red News Agency ကို ပြောသည်။

KNU/KNLA တပ်မဟာ (၁) နယ်မြေထဲရှိ တပ်စခန်းများကို စစ်အုပ်စုက တိုက်ခိုက်သိမ်းယူပြီးချိန် သိမ်းဆည်းရရှိသွားသည့် လက်နက်ခဲယမ်းများကို ကားများဖြင့် သယ်ဆောင်သွားချိန် KNLA တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းအများစုကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း ကရင်ဒေသတွင်း သတင်းဌာန Karen News က ဖော်ပြထားသည်။

ထို့ပြင် ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အထူးတိုင်းစစ်ဌာနချုပ်နေရာအပါအဝင် တပ်စခန်းများကို စစ်အုပ်စုက သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြထားမှုသည် အလုံးစုံမှန်ကန်မှုမရှိကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း အတည်ပြုပြောထားသည်။

လက်ရှိ၌ KNU/KNLA တပ်မဟာ (၁) နယ်မြေအတွင်း စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းနှင့် စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်နေကြောင်း သိရသည်။

#RedNewsAgency #RedNews

By Editor