RNA_အောက်တိုဘာ(၃၀)၊၂၀၂၆ခုနှစ်။
နေပြည်တော်၌ မတရားဖမ်းဆီးခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်သည်ဟု သိရှိရကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအထူးသံတမန် မာရီယာထရီဆာလာဇာရိုက ပြောကြားထားသည်။
အောက်တိုဘာ (၂၈ – ၂၉) ရက်က မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် (၂) ရက်ကြာ ခရီးစဉ်အတွင်း လာဇာရိုသည် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့်တွေ့ဆုံချိန် အသက် (၈၁) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ကျွန်မ မေးမြန်းတဲ့အခါ သူမရဲ့ ကျန်းမာရေးက လုံးဝကောင်းမွန်တယ်လို့ သူတို့က အသေအချာ ပြန်ပြောပါတယ်။ သူမ (ဒေါ်အောင်ဆန်းစုကြည်) ကျန်းမာရေး ကောင်းပါတယ်”ဟု လာဇာရိုက ဖိလစ်သတင်းဌာနက Bilyonaryo သို့ ပြောသည်။
လာဇာရိုက သူမအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရလိုသော်လည်း ယခုခရီးစဉ်၌ ယင်းအစီအစဉ်ကို မထည့်သွင်းထားကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးကိစ္စရပ်များနှင့် ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုဆိုင်ရာကိစ္စရပ်များသာ ပါဝင်ကြောင်း ၎င်းက ဆိုသည်။
အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးများကလည်း မြန်မာနိုင်ငံသို့ ရောက်ရှိချိန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုမှုများရှိခဲ့သော်လည်း စစ်အုပ်စုဘက်မှ ခွင့်မပြုခဲ့ပေ။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံ စတင်တာဝန်ယူချိန်ကတည်းက မတရားဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် သူမ၏ ကျန်းမာရေးကို ပြင်ပ၌ အပြည့်အဝကုသစောင့်ရှောက်မှုပေးရန် တောင်းဆိုထားသည်။
မြန်မာ့စစ်ရေးပဋိပက္ခ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် လာဇာရိုက အရေးကြီးသည့် အချက်များကို အဆိုပြုခဲ့သော်လည်း အသေးစိတ်အခြေအနေများကို မဆွေးနွေးခဲ့ကြောင်း၊ ယင်းအဆိုပြုချက်များကို နှစ်ဖက်တာဝန်ရှိသူများက လာမည့်ရက်များအတွင်း ဆက်လက်ဆွေးနွေးသွားရန် ရှိနေကြောင်း သူမက ဆိုသည်။
လာဇာရိုသည် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးဆိုင်ရာကိစ္စရပ်များအတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် နေပြည်တော်တို့သို့ သွားရောက်ခဲ့ကာ စစ်ဘေးရှောင်များ၊ ဒေသခံများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး နေပြည်တော်ရှိ သပြေပင်စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့သို့လည်း သွားရောက်ခဲ့သည်။